တစ်ခါတုန်းက သူခိုးတစ်ယောက်ဟာ ည တစ်ညမှာ နန်းတော်ကို ၀င်ပြီး ခိုးတယ်။ သူဟာ ဘုရင်နှင့် မိဖုရား အိပ်ဆောင်နားရောက်တော့အတွင်းက စကားပြောနေတဲ့ အသံကို ကြားရတယ်။
ဘုရင်နှင့် မိဖုရားဟာ မိမိတို့ မှာ သားယောက်ျားနန်းလျာ မရှိတဲ့အတွက ဂင်္ဂါမြစ်ကမ်းမှာ တရားအားထုတ်နေကြတဲ့ ပညာရှီ ရသေ့တစ်ပါးနှင့် သမီးတော်ကို ထိမ်းမြားပြီး နန်းလျာဖို့  တိုင်ပင်နေကြတာကိုး။ ဒီစကားကို ကြားတဲ့အခါ သူခိုး စဉ်းစားတယ်။
`ငါဟာ အန္တရာယ်များလှတဲ့ ဒီသူခိုး အလုပ်ကို လုပ်နေရတာ တစ်နေ့  မမိ တစ်နေ့  မိမှာပဲ။ မိရင် မင်းပြစ်မင်းဒဏ်ရပြီး ငါ အကျိုးနည်းမှာ မုချဖြစ်တယ်။ တကယ်လို့  မနက်ဖြန်က စပြီး ဂဂါင်္မြစ်ကမ်းမှာ ငါ ရသေ့ရဟန်းယောင်ဆောင်ပြီးနေရင် ဘုရင့်သမီးတော်ကို ရကောင်းရဦးမယ်၊ ကံကောင်းထောက်မလို့  ဘုရင့်သမီးတော်ကို ငါရရင် ငါ့တစ်သက်မှာ ဆင်းရဲခြင်း၊ ငြိုငြင်ခြင်း ကင်းတော့မယ်´
ဒီအကြံရတာနှင့် ချက်ချင်း သူခိုးဟာ စိတ်ကို ဆုံးဖြတ်ချက်ချပြီး နောက်တစ်နေ့  နံနက်က စပြီး ကမ်းနဖူးမှာ သူတော်ကောင်းယောင် ဆောင်နေတယ်တဲ့။
မကြာခင်မှာပဲ နန်းတော်ကြီးက မှူးကြီးမတ်ရာများ ရောက်လာပြီး ဘုရင့်သမီးတော်ကို သိမ်းမြန်းရန် အကြီးဆုံး ရသေ့ကို လျှောက်ထား တောင်းပန်ကြတယ်။ သူတော်ကောင်း ရသေ့ဟာ ဃရာဝါသအမှုကို ဘယ်လက်ခံမလဲ။ သူတို့ က လူ့ ဘောင်ကို စက်ဆုပ်လို့  တောထွက်လာကြတဲ့ ဥစ္စာ။ သူတော်ကောင်း အစစ်အမှန် ရသေ့တွေက ဘုရင်ကြီးရဲ့ သမီးတော်ကို တစ်ယောက်မှ လက်မခံကြပါဘူး။ ဒီလိုနှင့် နောက်ဆုံးမတော့ သူခိုး ရသေ့ဆီ ရောက်လာကြတာပေါ့။
မှူးမတ်တွေက အကျိုးအကြောင်း ပြောပြီး လျှောက်ထားကြတော့ သူက မငြင်းဘူး၊ တုဏှိဘာဝေ ဆိတ်ဆိတ်နေပြီး လက်ခံလိုက်တယ်တဲ့။
မှူးမတ်များလည်း ၀မ်းသာအားရ နန်းတော်ကြီးကို ပြန်သွားပြီး နောက်တစ်နေ့ မှာ သူခိုးရသေ့ကို အခမ်းအနားကြီးနှင့် နန်းတော်ကို ဆောင်ယူဖို့  သွားကြတယ်။
ဒီလို အံ့ဘနန်း ကြီးကျယ် ခမ်းနားတဲ့ အခြင်းအရာကို မြင်တွေ့ လိုက်ရတဲ့အခါမှာတော့ သူခိုးရသေ့ရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာတယ်။
`ကြည့်စမ်း၊ ငါဟာ တိုင်းပြည်မှာ အခြေမဲ့ အနေမဲ့ အကျင့်ပျက်တဲ့ အယုတ် သူခိုးဖြစ်တယ်၊ သို့ သော် ဒီလျှော်တေသင်္ကန်းကို ဆင်မြန်းပြီ သူတော်ကောင်းယောင်ဆောင်ရုံမျှနှင့် တိုင်းပြည်ရဲ့ အထွတ်အထိပ် ဘုရင့် သမီးတော်ကို ငါ့အား ဆောင်နှင်းဖို့  ခုသူတို့  ရောက်လာကြတယ်။ အင်း.. တကယ်လို့ သာ ငါဟာ အယုတ်မာကောက်ကျစ်တဲ့ အကျင့်ကို စွန့် ပြီး သူတော်ကောင်းတရားကို ယုံကြည်ချက် သဒ္ဓါနှင့် ကျင့်ကြံအားထုတ်မယ်ဆိုရင် လူတွေဟာ ဘယ်လောက် ငါ့ကို ကြည်ညိုလေးစားလိုက်မလဲ´ လို့  ကြံစည်မိပြီး တော်ပြီ ဒီနေ့ ကစ၍ ငါဟာ မွန်မြတ်တဲ့ သူတော်ကောင်းတရားကိုပဲ အားထုတ်တော့မယ်လို့  သူ့ စိတ်ကို တုံးတုံးချ ဆုံးဖြတ်ပစ်လိုက်တယ်။
နောက်နေ့  ဘုရင်ကိုယ်တိုင် သမီးတော်ကို လာရောက် အပ်နှင်းတဲ့အခါမှာတော့ ဘ၀ ရည်မှန်းချက် ပြောင်းလဲသွားပြီဖြစ်တဲ့ သူခိုးရသေ့က
`မင်းကြီး ငါဟာ ယခုခဏမှာပင် ကာမစ္ဆန္ဒ နီဝရဏတို့ ကို အပြီးတိုင် သုတ်သင်ပြီးပြီ၊ သည်းခံတော့´ လို့  ဆိုပြီး ငြင်းပစ်လိုက်တော့တယ်။
ရှင်ဘုရင်နှင့်တကွ ပရိတ်သတ်ကြီးဟာလည်း အတုအယောင်ဘ၀က အစစ်အမှန်ဖြစ်သွားတဲ့ ရသေ့သူမြတ်ကို ပိုပြီး ကြည်ညိုသွားကြတာပေါ့။
ဒီရသေ့ရဲ့ ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ စိတ်သဘာဝမျိုးကို ဗုဒ္ဓက `ယောနိသော မနသီကာရ´ လို့  ခေါ်တောမူတယ်။ ယောနိသော မနသီကာရဆိုတာကိုတော့ အသင့်အတင့် နှလုံးသွင်းခြင်းလို့  နားလည်နိုင်ပါတယ်။
အသင့်အတင့် နှလုံးသွင်းခြင်းဆိုတာက ဘာကို ပြောတာလဲဆိုတော့ `လောကမှာ တွေ့ ကြုံဖြစ်ပေါ်လာသမျှ အကြောင်းကိစ္စမှန်သမျှကို အကောင်းဘက အမြင့်ဘက် အမြတ်ဘက်ကို ရောက်အောင် လှည့်ပြီး စဉ်းစား တွေးခေါ်နိုင်ခြင်း သဘော´ ပါပဲ။
ဘုရားဟောတောမူပုံကတော့
`ချစ်သားတို့  မဖြစ်ပွားသေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပွားစေမှု၊ ဖြစ်ပြီးတဲ့ အကုသိုလ်တရားတွေ လျော့ပါးစေဖို့ အတွက် ယောနိသော မနသီကရမှ တစ်ပါး တခြားသော တရားကို ငါဘုရား မမြင်၊ ချစ်သားတို့  ယောနိသော မနသီကာရသည်သာ ကြီးမားသော အကျိုးစီးပွားရရန် အလို့ ငှာဖြစ်တယ်´ တဲ့။
အသင့်အတင့် နှလုံးသွင်းတတ်မှုဟာ ဘ၀မှာ ကြီးမားတဲ့ အကျိုးစီးပွားရဖို့  အဓိက အကြောင်းဖြစ်တယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမကိုလည်း ရင်တွင်း နှလုံးမှာ စွဲမှတ်ထားသင့်ပါတယ်။
ဆန်းလွင် (ရွှေတောင်တက် ဒဿန)

No comments:
Post a Comment