Thursday, April 10, 2008

ကျောက်ဖျာကြီးကို ရိုက်ခွဲခြင်း

လောကရဲ့ ခက်ခဲမှု ကြမ်းကြုတ်မှု ရက်စက်မှု စတဲ့ ဘေးရန် အန္တရာယ်တွေနှင့် ရင်ဆိုင်ကြရတဲ့အခါ ဥာဏ်အမြင်လည်းရှိပြီး မလျှော့တဲ့ ဇွဲလုံ့ လ သတ္တိတွေနှင့်လည်း ပြည့်စုံသူဟာ မိမိချမ်းသာ မိမိ အကျိုးစီးပွားကိုသာ ဆောင်ရွက်နိုင်တာ မဟုတ်ပါဘူး။ ဘ၀ခရီးသွားဖော်တွေရဲ့ အသက်ကိုတောင် မိမိရဲ့ အားထုတ်မှုနှင့် ကယ်တင်နိုင်တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။

ဟိုရှေးအခါတုန်းက ဗာရာဏသီပြည်က ကုန်သည် လှည်းမှူးကြီး တစ်ယောက်ဟာ နောက်ပါ လှည်းသားငါးရာနှင့် အတူ ကြီးမား ကျယ်ပြန့် လှတဲ့ သဲကန္တာရကြီးတစ်ခုကို ဖြတ်သန်းပြီး ကုန်ကူးဖို့ သွားခဲ့ကြပါတယ်။ နေ့ အခါမှာ သဲကန္တာရဟာ ပူပြင်းလွန်းတဲ့အတွက် လှည်းကုန်သည်တွေဟာ နေ့ အခါမှာ နား၊ ညဥ့်အခါမှာသာ ခရီးသွားကြရပါတယ်။ ကြယ်ကို ကြည့်ပြီး ခရီးလမ်း ညွှန်ပြတတ်တဲ့ လူဟာ တစ်ညဥ့်မှာ အိပ်ပျော်သွားတဲ့အတွက် လှည်းတွေဟာ လမ်းမှား လမ်းပျောက်ပြီး ကန္တာရထဲမှာ တ၀ဲလည်လည် ဖြစ်နေကြပါတော့တယ်။

ဒီလိုနှင့် ပါလာတဲ့ ထင်း၊ ရေတွေလည်း ကုန်သွားပါရောတဲ့။ ရေ မရှိ၊ ထင်း မရှိလို့  အစားအစာကိုလည်း ချက်ပြုတ်စားလို့  မရတော့ဘူးပေါ့။ ဒီလိုနှင့် နွားတွေ လူတွေ အားလုံး ငတ်မွတ်ပြီး သေရတော့မလို အဖြစ်မျိုးနှင့် ကြုံကြရပါတယ်။

ဒီအခါ လှည်းမှူးရဲ့ စိတ်ထဲမှာ ငါ လုံ့ လ မပြု၊ ၀ီရိယကို လျှော့ပြီး ပျင်းရိနေလို့ တော့ မဖြစ်ဘူး။ တခြားလူတွေလို ငါနေရင် အားလုံး သေကျေ ပျက်စီး ကုန်ကြတော့မယ်လို့  ကြံစည်ပြီး ပတ်ဝန်းကျင် အခြေအနေတွေကို လှည့်လည်ပြီး လေ့လာပါတယ်။

တစ်နေရာရောက်တော့ သဲကန္တာရထဲမှာ နေစာမြက်ကလေးတွေ ပေါက်နေတဲ့နေရာတစ်ခုကို သွားတွေ့ တယ်။ အင်း ဟုတ်ပြီ၊ ဒီနေရာရဲ့ အောက်မှာတော့ ရေရှိမှာပဲ၊ အောက်မှာ ရေရှိလို သာ ဒီမြက်ပင်တွေ ပေါက်ကြတာပဲလို့  အောက်မေ့ပြီး လူတွေကို ခေါ်တူးခိုင်းပါတယ်။ အတောင် ခြောက်ဆယ်လောက် အောက်ကို တူးမိတော့ အောက်မှာ ရေကို မတွေ့ ဘဲနှင့် ကျောက်ဖျာကြီးတစ်ခုကို သွားတွေ့ တယ်။ ဒီတင် အဖော် လှည်းကုန်သည်များဟာ ဟင်ခနဲ ဖြစ်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျဆင်းသွားကြပါတော့တယ်။ ရေငတ်လို့  မောရတဲ့အထဲ ပင်ပန်းတာ အဖတ်တင်တာပေါ့။ ရေတွင်းတူးကြတဲ့ ပေါက်တူးသမားတွေဟာ နောက်ထပ် ဆက်ပြီး ကြိုးပမ်းချင်တဲ့ စိတ်လည်း မရှိကြတော့ဘူး။ ၀ီရိယကို လျှော့လိုက်ကြပါတော့တယ်။

ဘုရားလောင်း ဖြစ်တဲ့ လှည်းမှူး ကုန်သည်ဟာ ကြုံတွေ့ လာရတဲ့ အခက်အခဲကို ရင်ဆိုင် ဖြေရှင်းဖို့  နည်းလမ်းကို စဉ်းစားလိုက်ပါတယ်။ သူ့  စိတ်ထဲ အောက်မှာ ရေမရှိဘဲနှင့် မြေပေါ်မှာ မြက်မပေါက်နိုင်ဘူးဆိုတဲ့ အကျိုးအကြောင်း ဆက်နွှယ်မှုကို သဘောပေါက်ထားပါတယ်။ ရေမရရင် လူအားလုံး သေကျေပျက်စီးကြရတော့မယ်ဆိုတဲ့ အဖြစ်ကိုလည်း မြင်တယ်။ ဒါကြောင့် ဘယ်နည်းနှင့်မှ ၀ီရိယကို မလျှော့ဘူး။ အောက်မှာ ရေရှိတယ်။ ဒီရေကို မရမချင်း လက်မလွှတ်ဘူး ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ပြီးတော့ မြေတွင်းထဲကို သူကိုယ်တိုင် ဆင်းကြည့်ပါတယ်။

ကျောက်ဖျာကြီးပေါ်ရောက်တော့ ကျောက်ဖျာကို သူ့ နားနှင့် ကပ်ပြီး နားထောင်ကြည့်တယ်။ ကျောက်ဖျာအောက်မှာ ရေစီးနေတဲ့ အသံ တသောသောနှင့် မြည်နေတာကို ကြားရတယ်။ ဒီလို ရေစီးသံကိုလည်း ကြားရော မြေပြင်ပေါ်ကို ပြန်တက်လာပြီး သူ့  အလုပ်အကျွေး လူငယ်ကို ပြောတယ်။

'အမောင်.. မင်း ၀ီရိယကို မလျှော့နှင့်နော်၊ တို့  ၀ီရိယကို လျှော့လိုက်ရင် လူအားလုံး အသက် ဆုံးရှုံးကြရလိမ့်မယ်။ ကြားလား.. ရော့ ဒီသံတူကြီးကို ယူသွား။ ကျောက်ဖျာကို ဒီတူကြီးနှင့် ရိုက်ခွဲ၊ ကျောက်ဖျာကွဲအက်တာနှင့် ရေတွေ ပန်းထွက်လာမှာပဲ' လို့  သေအချာပြောပြီး ခိုင်းတယ်။ လူငယ်လည်း လှည်းမှူးပြောဆိုတဲ့အတိုင်း မလျှော့တဲ့ ဇွဲလုံ့ လနှင့် ကျောက်ဖျာကြီးကို သံတူကြီးနှင့် ရိုက်ခွဲပါတယ်။ နောက်ဆုံးတော့ ကျောက်ဖျာ အလယ်က ကွဲပြီး ကျသွားပါတော့တယ်။ အောက်မှာ စီးနေတဲ့ မြေတွင်းစမ်းကို ကျောက်ဖျာ အကွဲက ကန့် လန့်  ကာလိုက်တဲ့အတွက် ရေတွေဟာ အပေါ်ကို ပန်ထွက်လာတာပေါ့။ ဒီအခါမှာ လူတွေရော နွားတွေပါ ရေတွေကို အ၀သောက် ချိုးရပါတော့တယ်။



ဆန်းလွင် (ရွှေတောင်တက် ဒဿန)

No comments: