ပတ်ဝန်းကျင်၌မူ များလှစွာသော လူတို့ မှာ အောင်မြင်သောဘ၀ကိုကား ရည်ရော် မှန်းဆကြပါ၏။ သို့ သော် သူတို့ ၏ အလိုဆန္ဒများမှာ လျော့ရိလျော့ရဲ အားနည်းလှသည်။
လောက၌ ဘယ်အရာမဆို တန်ရာတန်ဖိုးပေးမှ ရ၏။ အောင်မြင်သော ဘ၀ဟူသည် ကျားကုတ် ကျားခဲ တည်ဆောက်ယူမှ ရ၏။ သို့ သော် လူအများတို့ မှာ ကျားကုတ်ကျားခဲ စိတ်ဓာတ်နှင့် လျော့ရိလျော့ရဲ အလိုဆန္ဒတို့  ကွားခြားလှပုံကို မသိရှိကြပေ။ အလိုဆန္ဒသမားများမှာ ဖြစ်ချင်တာသာရှိသည်။ အားသွန်ခွန်စိုက်မလုပ်။ ဘယ်သူ ကူညီလေမလဲ။ အခွင့်ကောင်း အခါကောင်းဘယ်တော့ ဆိုက်ရောက်လေမလဲ စောင့်မျှော်ရင်း သက်သာသလို မျှောလိုက်နေကြရာ သူလို ငါလို အဆင့်ဖြင့် နိဂုံးချုပ်ရလေသည်။ ကျားကုတ် ကျားခဲသမားကား ဘေးဘီ လှည့်မကြည့်၊ သူများ အကူအညီကို မျှော်ရင်း အချိန်ဖြုန်းမနေ၊ ကိုယ်ဖြစ်ချင်သောအရာကို ဖြစ်နိုင်သမျှ နည်းလမ်းဖြင့် တည်ဆောက်ရယူသွားစမြဲဖြစ်သည်။
ဆရာဝန်၊ အင်ဂျင်နီယာ၊ ကုန်သည်၊ ပွဲစား၊ လုပ်ငန်းရှင်၊ စစ်ဗိုလ်၊ ကျောင်းဆရာ စသည်ဖြင့် လုပ်ငန်း အမျိုးမျိုးထဲက လူများကို လိုက်ကြည့်ပါ။ လုပ်သက်ချင်းတူပါလျက် သည်လူက မထင်မရှား၊ ဟိုလူက ထူးခြား အောင်မြင် နေရတာ ဘာကြောင့်လဲ နှိုင်းယှဉ် စိစစ်ကြည့်ပါ။ အစကတည်းက သူ့ အလုပ်မှာ သူ ဘယ်လောက် ထက်ထက်သန်သန် မြှပ်နှံခဲ့သလဲဆိုသည့်အချက်က အဆုံး အဖြတ်ပေးသွားကြောင်း သင် တွေ့ ရှိရလိမ့်မည်။
ထက်သန်စိတ် အနည်းအများ ကွာခြားခြင်းကြောင့်ပင် သိပ္ပံပညာ ၀ါသနာ ပါပါသည် ဆိုသူချင်း အတူတူတွင် တချို့ က ဆပ်ပြာချက်ရောင်းသော အလုပ်လောက်ဖြင့် တင်းတိမ်ကြရ၍ တချို့ က အက်ဒီဆင်များ အိုင်းစတိုင်းများ ဖြစ်သွားကြသည်။ ငယ်စဉ်ကာလ ပန်းချီပညာသင်ခဲ့ကြသူချင်း အတူတူတွင်လည်း ပိုစတာ ဆိုင်းဘုတ်ရေးသူဘ၀ ရောက်သူ ရောက်၍ ဗန်ဂိုးများ ပီကာဆိုများ ဖြစ်သူ ဖြစ်သွားကြသည်။
အောင်မြင်ရမည်ဟူသော စိတ်ဓာတ်သည် ပြင်းပြခြင်းကြောင့် သာမန်လူဘ၀မှ အလွန်ထူးကဲသော ပုဂ္ဂိုလ်များအဖြစ်သို့  ပြောင်းလဲသွားနိုင်သည်။

ဖေမြင့် ဘာသာပြန်
No comments:
Post a Comment