Sunday, April 13, 2008

အက်ဒီဆင်၏ အောင်မြင်မှု

အက်ဒီဆင်အား တီထွင်မှု ကဝေကြီးဟု ခေါ်ကြသည်။ သူ့ နာမည်နှင့် မှတ်ပုံတင်ထားသည့် တီထွင်မှု ပစ္စည်းပေါင်း တစ်ထောင်ကျော်ရှိသည်အထိ အံ့ဘနန်းတီထွင်နိုင်စွမ်း ကြီးမားသည်ဖြစ်ရာ ကဝေဟု ခေါ်ကြမည်ဆိုလျှင်လည်း ခေါ်လောက်စရာပင်။

သို့ သော် ဒဏ္ဍာရီထဲက စုန်းကဝေများလို သူဖြစ်စေချင်သော အရာ မှန်သမျှ မှော်တန်ခိုးဖြင့် အလွယ်တကူ စီမံဖန်တီးနေသည်ဟူသော အဓိပ္ပာယ်မျိုးနှင့် ပြောဆိုလျှင်ကား အက်ဒီဆင် လုံးဝ ကျေနပ်လိမ့်မည် မဟုတ်ပါ။

သူ့ တီထွင်မှုများထဲတွင် သူ့ ချွေးသီးချွေးပေါက်တွေ ဘယ်လောက်ပါသည်ဆိုတာ သူ အသိဆုံးဖြစ်သည် မဟုတ်လား။

အက်ဒီဆင်အား ပါရမီရှင်ကြီး၊ ကဝေကြီးဟု သတ်မှတ်ခံရသည်မထိ ကြီးကျယ်အောင်မြင်စေခဲ့သည့် အဓိက အချက်ကား အလုပ်ဇွဲကြီးခြင်းဖြစ်သည်။ အက်ဒီဆင်သည် တစ်နေ့ လျှင် ဆယ့်ရှစ်နာရီမျှ အလုပ်လုပ်လေ့ရှိသူဖြစ်သည်။ အိပ်ခြင်းကို သူရှုတ်ချသည်။ `အိပ်တယ်ဆိုတာ မူးမစ်ဆေးဝါး သုံးစွဲသလိုပဲ၊ များများအိပ်လေ ပိုပြီး အိပ်ချင်လေပဲ။ အိပ်တဲ့အတွက် အချိန်ကုန်တယ်၊ ခွန်အား ယုတ်လျော့တယ်၊ အခွင့်အရေးတွေ ဆုံးရှုံးတယ်´ ဟု ဆိုလေ့ရှိသည်။ သူကိုယ်တိုင် အလုပ်ကို သဲသဲမဲမဲ လုပ်ရုံမက အနီးရှိ အခြားလူများကိုပါ အလုပ်လုပ်လိုစိတ် ထက်သန်လာအောင် အမြဲဆွဲဆောင်စည်းရုံးလေ့ရှိသည်။

လျှပ်စစ်မီးသီး၊ ဓာတ်စက်၊ ဘက်ထရီ၊ ကြေးနန်းစာရိုက်၊ ရုပ်ရှင်ပြစက်၊ လက်နှိပ်စက် စသည်ဖြင့် သူတီထွင်သည့် မြောက်မြားစွာသော ပစ္စည်းအမျိုးအမည်စာရင်းကို ဖတ်ရှု့ မိသူများစိတ်တွင် သူ့ အား အောင်မြင်သူကြီး၊ ရှုံးနိမ့်တယ်ဆိုတာ ဘာမှန်း မသိသူကြီးဟူ၍ ထင်မိကြမှာ သေချာသည်။

အက်ဒီဆင်သည် အောင်မြင်သူကြီး ဖြစ်သည်ကား အမှန်ပင်ဖြစ်ပါ၏။ သို့ သော် ရှုံးနိမ့်မှုကို မသိသူကား လုံးဝ မဟုတ်ချေ။ အက်ဒီဆင်အား မေးမြန်းကြည့်ပါက သူ၏ အောင်မြင်မှုတိုင်းလိုပင် ရှုံးနိမ့်မှု လှေကားထစ်များပေါ်မှ တက်ယူရသည်ချည်းဖြစ်သည်ဟု ဖြေပါလိမ့်မည်။

တစ်ခုတော့ရှိသည်။ အက်ဒီဆင်သည် သူများ ရှုံးနိမ့်ပြီဟု မြင်သောအရာကို မအောင်မြင်သေးဟူ၍သာ မြင်သည်။ မအောင်မြင်ခြင်းကို ရှုံးနိမ့်ခြင်းဟု မယူဆ။ မအောင်မြင်မှာ ကြောက်သောစိတ်ဖြင့် ဖင့်နှေးတွန့် ဆုတ်တတ်သူမျိုးလည်း မဟုတ်။

တစ်ခါ၌ သုတေသန လုပ်ဖော် တပည့်တစ်ယောက် သူတို့  သုတေသန ပြုလုပ်နေသည့် အရာတစ်ခု ကြိမ်ဖန်များစွာ စမ်းသပ်၍ မအောင်မြင်ဘဲရှိနေသဖြင့် လက်လျှော့ချင်သည့်သဘော ပြောလာရာ အက်ဒီဆင်က `ဟ.. ဘယ်ဟုတ်မလဲကွ၊ မအောင်မြင်တော့ဘူးပြောလို့  ဘယ်ရမလဲ၊ အခု တို့  အကြိမ်တစ်ထောင် စမ်းကြည့်ပြီးပြီဆိုပါတော့၊ အလုပ်မဖြစ်တဲ့ နည်းလမ်းပေါင်းတစ်ထောင် တို့ တွေ့ ပြီးပြီဆိုတဲ့ သဘောပဲ၊ အဲဒီတော့ ဆက်လုပ်ရင် အလုပ်ဖြစ်မယ့် နည်းတွေ့ ဖို့  မဝေးတော့ဘူးဆိုတဲ့ သဘောပဲ၊ အဲဒီတော့ ဆက်လုပ်ရင် အလုပ်ဖြစ်မယ့် နည်းတွေ့ ဖို့  မဝေးတော့ဘူး´ ဟူ၍ သူ ပြန်ပြောခဲ့သည်။

အက်ဒီဆင်ကား တစ်ကြိမ်၊ နှစ်ကြိမ်၊ အကြိမ်တစ်ရာ မအောင်မြင်ရုံနှင့် နောက်မဆုတ်တတ်သော သတ္တိကြောင့်ပင် အောင်မြင်မှု ရခဲ့ခြင်း ဖြစ်ပေသည်။

မည်သူမဆို မိမိပတ်ဝန်းကျင်ရှိ လူများ၊ မိမိမြို့ ရွာ၊ မိမိရပ်ကွက်၊ မိမိ ဆွေမျိုး မိတ်သင်္ဂဟ အသိုင်းအ၀ိုင်းရှိ လူများကို တစ်ဦးချင်း သုံးသပ်ကြည့်မည်ဆိုက ထီပေါက်၍ ချမ်းသာခြင်းကဲ့သို့  ကံကြမ္မာသက်သက်ကြောင့် ဖြစ်သည့် ကိစ္စမျိုးကို ချန်လှပ်၍ စဉ်းစားလျှင် လူတစ်ယောက်စီ၏ လက်ရှိ ဘ၀ အခြေအနေ အနိမ့်အမြင့်သည် သူ၏ ဇွဲလုံ့ လ အနည်းအများ၊ သို့ မဟုတ် အလုပ်တစ်ခုကို မဆုတ်မနစ်လုပ်တတ်သည့် စိတ်အင်အား အနည်းအများနှင့် အချိုးညီစွာ ဆက်စပ်ပတ်သက်လျက်ရှိကြောင်း တွေ့ ရမည်ဖြစ်၏။

စီးပွားရေးဘက်တွင် ဇွဲနည်းသူတို့  လုပ်ငန်းသေးသေးကို ချောက်တိ ချောက်ချက် လုပ်ရင်း မပြေလည်သော ဘ၀အတွက် ညည်းတွားနေကြစဉ် စီးပွားရေး ဇွဲကြီးသူက ဆိုင်ကလေးမှ ဆိုင်ကြီး၊ လုပ်ငန်းတစ်ခုမှ နှစ်ခု စသည်ဖြင့် တိုးချဲ့ ကာ တစ်နေ့ တခြား ပြေလည်ကြီးပွားသွားသည်ကို မြင်ရပေလိမ့်မည်။

အလားတူ ပညာရေးဘက်တွင် ဇွဲနည်းသူတို့  စောစောစီးစီး ကျောင်းထွက်ကာ အောက်ခြေ အနိမ့်စား အလုပ်ကလေးများထဲ ၀င်ရောက်သွားကြစဉ် ဇွဲကောင်းသူတို့ က ရနိုင်သမျှ ဘွဲ့ ထူးဂုဏ်ထူးကို မရ အရယူကာ လေးငါးဆယ်နှစ်ကြာသည့် အချိန်၌ စောစောစီးစီး အလုပ်ခွင်ထဲ ရောက်နှင့်သည့် မိမိသူငယ်ချင်းများနှင့် ကွာခြားလှသည့် ရာထူးဌာနန္တရများ ရရှိခံစားကြရသည်မှာလည်း အစဉ် အဆက် မြင်တွေ့ ဖူးကြသော အချင်းအရာတစ်ရပ်ဖြစ်သည်။


ဖေမြင့် ဘာသာပြန်

No comments: