တချို့ က အကြံဥာဏ် မရှိရင် မကြီးပွားဘူး၊ မတိုးတက်ဘူး၊ ဘ၀ရဲ့ အထက်တန်းကို မရောက်နိုင်ဘူးလို့  သမားရိုးကျ မှတ်ထင်ထားကြပါတယ်။ ဒီ အတွေးအမြင်ဟာ မုချ မှန်တယ်လို့ တော့ မဆိုနိုင်ဘူး။ အကြံဥာဏ် မရှိဘဲနှင့် မိဘ အမွေရလို့  ထီပေါက်လို့  တစ်ခါတစ်ရံ အခွင့်အခါ ကြုံလို့  ကောင်းစားနေတဲ့ လူတွေ မရှိဘူးလားလို့  မေးခွင့် ရှိပါတယ်။
အဲဒီလို စိုင်ကော်လို့  ချုံပေါ်ရောက်တာမျိုးကို ရွှေတောင်တက်သမားတွေဟာ ထည့်မတွက်သင့်ပါဘူး။ ဒါတွေက အခိုက်အတန့် အားဖြင့် ကြုံကြိုက်မှုတွေပါ။ ကိုယ်စွမ်းကိုယ်စနှင့် ထွန်းပေါက်တာမျိုး မဟုတ်ပါဘူး။
လူမှာ ကံ ဥာဏ် ၀ီရိယအားဖြင့် ကြီးပွားမှုကိုသာ ချီးမွမ်းအပ်ပါတယ်။ ဆိုလိုတာကတော့ မိမိကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက် ကြံစည်ကြိုးစားလို့  ဖြစ်မြောက် အောင်မြင်တာကိုသာ လောကအလို ချီးမွမ်းထိုက်တယ်လို့  ဆိုပါတယ်။
ဒီနေရာမှာ တချို့ က အသိပညာတွေ အတတ်ပညာတွေရဖို့  အကြံကောင်းဥာဏ်ကောင်းတွေ ရရှိဖို့ ကိုသာ အလေးအမြတ်ပြုပြီး ဟုတ်ဟုတ်ဟပ်ဟပ် ကြီးပွား တိုးတက်အောင်တော့ မလုပ်နိုင်ကြပါဘူး။ ဒါဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ ဘ၀ရဲ့ အချိန်ကာလတွေကို ကြံစည်နေရင်းပဲ ကုန်ဆုံးစေလို့ ဖြစ်ပါတယ်။
ဒါကြောင့် မြတ်စွာဘုရားက မဟာဇနကဇာတ်တော်မှာ.. `လောကကြီးမှာကွာ.. ဘယ်လို ကိစ္စမျိုးပဲဖြစ်ဖြစ် ကြံစည်နေရုံ စိတ်ကူးနေရုံနှင့်တော့ဖြစ့် ပြီးစီးခြင်းသို့  မရောက်နိုင်ဘူး။ လုံ့ လထုတ်ပြီး မဖြစ်ဖြစ်အောင် အားထုတ်လုပ်ကိုင်မှသာ ပြီးစီးပါလိမ့်မယ်။ ဘယ်လောက်ပဲ အကြံကောင်း ဥာဏ်ကောင်းတွေရှိရှိ လုံ့ လ မပါဘဲနှင့်တော့ ဘယ်တော့မှ ထမြောက် အောင်မြင်လိမ့်မယ် မဟုတ်ဘူး´ လို့  ဟောတော်မူပါတယ်။
မြတ်စွာဘုရားရဲ့ အတွေးအမြင်လိုမျိုး သိပ္ပံပညာရှင်ကြီး သောမတ် အယ်ဒီဆင်လည်း ယုံကြည်ပါတယ်။ လုံ့ လ အားထုတ်မှု မပါဘဲနှင့် အောင်မြင်ခြင်းဆိုတာ မရှိဘူးလို့  သူခိုင်မြဲစွာ ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း သူ လက်ကိုင်ထားပြီး ပြောလေ့ရှိတဲ့ စကားတစ်ခု ရှိပါတယ်။ အဲဒါကတော့..
`Genius is 1 percen tinspiration and 99 percent perspiration´...
ထူးကဲတဲ့ ဥာဏ်ရှင် (ပါရမီရှင်) ဆိုတာ အတွေးအကြံက ၁ ရာနှုန်းနှင့် ချွေးသံက ၉၉ ရာနှုန်း ပေါင်းစပ်ထားတဲ့ ပုဂ္ဂိုလ်သဘောကို ဆိုတာပါတဲ့။
သူဟာ ဒီစကားနှင့် အညီ အအိပ်အနေကို လျှော့ပြီး အချိန်များစွာကို အလုပ်ခွင်မှာ အားထုတ် လုပ်ကိုင်ရင်း ကုန်လွန်စေခဲ့ပါတယ်။
ကမ္ဘာကျော် ပြဇာတ်ရေးဆရာကြီး ဂျော့ဘားနတ်ရှောဟာလည်း အားထုတ်ခြင်း၊ ဇွဲစိတ်နှင့် မလျှော့တမ်း လုပ်ကိုင်ဆောင်ရွက်ခြင်းသာ ဘ၀ရဲ့ အောင်မြင်ရာဖြစ်တယ် ဆိုတာကို လက်တွေ့  ပြနိုင်သူဖြစ်ပါတယ်။
သူဟာ ကိုးနှစ်လုံးလုံး စာရေးခြင်းက ၀င်ငွေ တစ်ပြား တစ်ချပ်မှ မရဘဲ ဇွဲနှင့် စာရးခဲ့တယ်။ `စာရေးဆရာဆိုတာ စာရေးရမှာပဲ´ ဆိုပြီး နေ့ စဉ်စာကို စိတ်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ရေးဖြစ်အောင် ကြိုးစားပြီး နေ့ စဉ်မှန်မှန် ရေးပါတယ်တဲ့။
ထူးခြားတာက တစ်နေ့ ကို စာလုံး ၁၀၀၀ ရေးရာမှာ ဈာန်ဝင်သည် မ၀င်ဘူးဟူ၍ အလုပ်ကို ရှောင်လွှဲသည့် အတွေးမျိုးကို မတွေး။ စာရေးရန်သာ မိမိတာဝန်ဖြစ်သည်ဟု ခံယူသည်။ လုံးဝ စိတ်မပါသည့်နေ့ ၊ မရေးချင်သည့်နေ့ မှာပင် စာလုံး တစ်ထောင်ပြည့်အောင်တော့ ရေးမည်ဟု ဆုံးဖြတ်ကာ ဆုံးဖြတ်သည့်အတိုင်းလည်း တကယ်လုပ်သည်။ တစ်ခါတစ်ရံ အလွန်မရေးချင်လွန်းသည့် နေ့ များ၌မူ စိတ်မပါဘဲ လူကြီးကို ကြောက်၍ စာကျက်ရသည့် ကလေးများ၊ ၀တ္တရားကျေ အလုပ်လုပ်နေသည့် ရုံးစာရေးများကဲ့သို့ ပင် တစ်ထောင်ပြည့်သည်နှင့် ၀ါကျ မဆုံးချင်နေပါစေ၊ ဆုံးအောင် ဆက်ရေးမနေတော့ပဲ ကလောင်ချပြီး ထလာခဲ့တာမျိုးလည်း ရှိဖူးသည်။ သည်လို့ နှင့် လေးနှစ်အတွင်းမှာ ၀တ္ထုကြီး လေးပုဒ်ရေးသည် တစ်ပုဒ်မှ မစွံခဲ့။
ဒါပေမယ့် သူ စိတ်ဓာတ်ကျသွားသလားဆိုတော့ ဘယ်တော့မှ မကျဘူး။ ဒီစာမူတွေကို အကြိမ်ကြိမ်ပြင်ရေးပြီး ပုံနှိပ် ထုတ်ဝေသူတွေဆီကို ပြန်ပို့ တယ်။ ဒါပေမယ့် ကိုးနှစ်ကြာတဲ့အထိ တစ်ပုဒ်မှ အလုပ်မဖြစ်ဘူး။ အပယ်ခံနေရပါတယ်။
နောက်ဆုံးတော့ တံဆိပ်ခေါင်းဖိုးတောင် အနိုင်နိုင်ဖြစ်လာပါတယ်တဲ့။ ဘာနတ်ရှောရဲ့ မလျှော့တဲ့ လုံ့ လ၊ တွန့် ဆုတ်ခြင်း မရှိတဲ့ ဆန္ဒ၊ ပြင်းထန်တဲ့ ဇွဲတွေဟာ ချီးကျူးလောက်ပါရဲ့။
တကယ်တော့ ကုန်ဆုံးသွားတဲ့ ကိုးနှစ်ဆိုတဲ့ ကာလဟာ အချည်းနှီးဖြစ်သွားတယ်လို့  မထင်သင့်ဘူး။ သူ ဒီလို ဇွဲနှင့် အထပ်ထပ် ကြိုးစားခဲ့လို့ သာ နောင်အခါမှာ ပြောင်မြောက်တဲ့ ကမ္ဘာကျော် စာရေးဆရာကြီး ဖြစ်လာရခြင်းဖြစ်ပါတယ်။
ကိုးကား -
ဆန်းလွင် (ရွှေတောင်တက် ဒဿန)
ဖေမြင့် (အပြောင်မြောက်ဆုံး ဘ၀တစ်ခု တည်ဆောက်ခြင်း)

No comments:
Post a Comment