Monday, April 14, 2008

စွန့် စားရဲကြစမ်းပါ

လူသားတွေဟာ ပြီးပြည့်စုံတယ်လို့  မရှိပါဘူး။ အမှားဟာ လူ့ မိတ်ဆွေပဲလို့  မှတ်ယူရမယ်။ လူတိုင်း တစ်ခါခါမှာ မှားကြတာချည်းပဲ။ အဲဒီအမှားတွေဆီက သင်ခန်းစာ ယူတတ်ဖို့ သာ လိုတယ်။ မှားတာတော မှားမှာပဲ။ ရိုးရိုးသားသားမှားတာ ဘယ်သူမျှ မကင်းနိုင်လို့  မင်းတို့ ဟာ မှားမှာ မကြောက်ကြနဲ့ ။ ဘာမျှ မလုပ်ရသေးခင်မှာ လုပ်လိုက်ရင် မှားမလားလို့  ကိုယ်ကိုယ်ကို မယုံကြည်မှုဟာ ဘာမျှ ဖြစ်မြောက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလူဟာ လူညံ့ပဲ။ လူတော်ဖြစ်ဖို့  မလွယ်တော့ဘူး။

မှားရဲမှ အမှန်ကျကျနနဖြစ်မယ်။ လူ့ လောကမှာ ပညာရှင်ကြီးတွေဟာ တစ်ယောက်မကျန် မမှားဘူးတာ မရှိဘူး။ တစ်ယောက်မကျန် မမှားဘူးတာ မရှိဘူး။ အမှန်ဖြစ်ဖို့  မှာ နှစ်မျိုးရှိတယ်။ သူများတွေ လုပ်တာ လိုက်လုပ်ရင် မမှားဘူးလို့  ဆိုနိုင်ချင် ဆိုနိုင်ပေမယ့် ဒါပေမယ့် အဲဒီလူဟာ ဘယ်တော့မှ ရှေ့ တန်းမရောက်ဘူး။ သူများရဲ့ နောက်လိုက်သာဖြစ်မယ်။ အများက လုပ်တာကို လိုက်လုပ်တဲ့ လူဟာ သူလိုငါလို သာမန်လူတစ်ယောက်သာဖြစ်မယ်။ ထူးချွန်သူဖြစ်မှာ မဟုတ်ဘူး။

မှားချင် မှားပါစေဆိုပြီး သူများတွေထက် ပိုကောင်းအောင် လုပ်ကြည့်မယ်လို့  သဘောထားပြီး `စွန့် ရဲတဲ့သူ´ ဟာ အမှားတွေကြားက ရှေ့ တန်းရောက်အောင် တိုးတက်တဲ့ အကြောင်း ဖတ်ကြစမ်းပါ။ စိတ်ဝင်စားစရာ သိပ်ကောင်းတယ်။ ဖတ်တဲ့လူဟာ ဖတ်ရင်း ဖတ်ရင်း တိုးတက်ချင်တဲ့ စိတ်ထက်သန်လာလိမ့်မယ်။

ဒီလို ဘ၀လူစွမ်းကောင်းတွေဟာ များသောအားဖြင့် `ငွေ´ ဇွန်းကိုက်ပြီး မွေးလာကြတဲ့ လူစားမျိုး မဟုတ်ဘူး။ သူလိုငါလို လူတွေပဲ။ တချို့ ဆိုရင် ဆင်းရဲတဲ့မိဘတို့ က မွေးဖွားလကြတာပါပဲ။ အဲဒီလိုဘ၀ အခြေအနေ မကောင်းလှတဲ့ လူတွေပါပဲ။ အားကျစရာကောင်းပါတယ်။

မင်းတို့ တစ်တွေလည်း သူတို့ လိုပဲဖြစ်အောင် ကြိုးစားကြပါ။ ကြိုးစားနိုင်ရမယ်။ အတတ်ပညာဟာ ထမင်းစား ရေသောက်သလို လွယ်တာမဟုတ်ဘူး။ မင်းတို့ လည်း ကိုယ့်မှာရှိတဲ့ အစွမ်းအစရှိမှာပါ။ ရှိမယ်လို့  ငါယုံတယ်။ လူတွေဟာ ငယ်စဉ်ကတည်းက ကိုယ့်လမ်းကိုယ် ဖောက်နိုင်ဖို့  ကြိုးစားရမယ်။ ကိုယ့်လမ်းကိုယ်ဖောက်ပြီး ကိုယ့်လမ်းကိုယ် လျှောက်ရလိမ့်မယ်။ အဲဒါမှ ဘ၀လူစွမ်းကောင်းဖြစ်ကြမယ်။

လူတိုင်းဟာ အမိဝမ်းမှ ကျွတ်ထွက်လာတဲ့ လူမမယ်ကလေးဟာ ကိုယ်တုံးလုံးဖြစ်နေပေမယ့် သူ့ မှာ အတွင်းပစ္စည်း နှစ်ခုပါလာတယ်။ အဲဒါဟာ ဥာဏ်နဲ့  ၀ီရိယ ပါပဲ။ လူတိုင်းမှာပါလာတဲ့ လက်နက် နှစ်ခုပဲ၊ လက်နက်ဆိုတာ လက်ထဲမှာရှိတဲ့ ကိုယ်ပိုင်ပစ္စည်းပဲပေါ့။ အဲဒီလက်နက်နှစ်ခုကို တောင်တက် တောင်ဆင်း လမ်းလျှောက်သင်ကတည်းကစပြီး အသုံးပြုရတဲ့ အဖိုးတန်ပစ္စည်းပါပဲ။ အဲဒီ လက်နက်ကို အခု မင်တို့  အရွယ်ကစပြီး သုံးကြရမယ်။ သုံးနိုင်အောင် သုံးတတ်အောင် ကြိုးစားကြပါ။

အဲဒီလက်နက်နှစ်စင်းအကြောင်း ပြောရဦးမယ်။ ဥာဏ်ဆိုတာ လူတိုင်းမှာ ရှိတယ်။ ဥာဏ်ထက်အောင်လုပ်ဖို့ က အတွေးအခေါ်အားကောင်းအောင် စာပေဗဟုသုတအင်အား များများဖြည့်ရတယ်။ ဗဟုသုတကို ပတ်ဝန်ကျင်မှာ ရှာနိုင်ပါတယ်။ ရှာပါ။ ဒါပေမယ့် စာ ထဲမှာ ပိုရှိတယ်။ စာများများဖတ်ပြီး ဖတ်ပြီးတာကို လေ့လာပါ။ ဖတ်ပြီး ပြီးရောလို့  သဘောထားတာ ညံ့တယ်။ ဖတ်ပြီးတွေး၊ မှတ် စိစစ်ဝေဖန်ရမယ်။ စာထဲက ပညာရမှာ စာဖတ်ကျိုးနပ်မယ်။ အဲဒီလို ဖတ် မှတ် တွေး။ အတွေးလမ်းဖြောင့်အောင် ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေရဲ့ အဆုံးအမကို ခံယူ။ ကိုယ်ပိုင်ဥာဏ်ကို သုံးနိုင်သလောက် သုံးပါ။ ၀ီရိယဆိုတာတော့ မင်းတို့  သိတန်သလောက် သိပြီးသားပဲ မဟုတ်လား။ ကြိုးစားအားထုတ် အစဉ်လုပ်လို့ သာ ဆိုပါမယ်။ အဲ.. အဲဒီလို ဥာဏ်ထက်အောင် စာဖတ်ပြီး တွေး၊ အလုပ်မှာ လုပ်စရာရှိတာကို အားကျိုး မာန်တက် ကြိုးစား၊ အချိန်မဖြုန်းနဲ့ ၊ လုပ်စရာရှိတာ လုပ်သင့်တာ အကျိုးဖြစ်မယ့်ကိစ္စကို အောင်မြင်သည်အထိ လုပ်၊ ကြိုးစား အားထုတ်ပါ။


ကြိုးစားရတာ ပင်ပန်းတယ်လို့  မထင်ပါနဲ့ ။ ပင်ပင်ပန်းပန်း လုပ်ရလေလေ ပင်ပန်းခံနိုင်ရည် တိုးလေလေဖြစ်တယ်။ များများလုပ်ရင် လမ်းမှန်ဖို့ သာလိုတယ်။ ထူးချွန်မှုရမှာ သေချာတယ်။ အဲဒီနည်းနဲ့ သာ လမ်းမှန်ကို လလျှောက်ပါ။ မလုပ်ရဲ မစွန့် ရဲ မဖြစ်ပါနဲ့ ။ ဒါတစ်ခုတော့ မှတ်ထားပါ။ လမ်းမှားမလိုက်မိဘဲ လမ်းမှန်လျှောက်မှ ထူးချွန်တယ်။ ကျောင်းသားဆိုရင် ဂုဏ်ထူးတွေ ဘွဲ့ ထူးတွေ ရမယ်။ မမှားအောင် အမြဲဆင်ခြင်ပါ။ ၀ါရင့်လာတော့ လူတော် လူကောင်းဖြစ်လာပြီး ဘ၀အောင်မြင်ရေး ရပါလိမ့်မယ်။

စွန့် စွန့် စားစား လုပ်ကိုင်နိုင်မှ ထူးထူးခြားခြား ထူးထူးချွန်ချွန် ဖြစ်ပါလိမ့်မယ်။



တက်တိုး

Sunday, April 13, 2008

အက်ဒီဆင်၏ အောင်မြင်မှု

အက်ဒီဆင်အား တီထွင်မှု ကဝေကြီးဟု ခေါ်ကြသည်။ သူ့ နာမည်နှင့် မှတ်ပုံတင်ထားသည့် တီထွင်မှု ပစ္စည်းပေါင်း တစ်ထောင်ကျော်ရှိသည်အထိ အံ့ဘနန်းတီထွင်နိုင်စွမ်း ကြီးမားသည်ဖြစ်ရာ ကဝေဟု ခေါ်ကြမည်ဆိုလျှင်လည်း ခေါ်လောက်စရာပင်။

သို့ သော် ဒဏ္ဍာရီထဲက စုန်းကဝေများလို သူဖြစ်စေချင်သော အရာ မှန်သမျှ မှော်တန်ခိုးဖြင့် အလွယ်တကူ စီမံဖန်တီးနေသည်ဟူသော အဓိပ္ပာယ်မျိုးနှင့် ပြောဆိုလျှင်ကား အက်ဒီဆင် လုံးဝ ကျေနပ်လိမ့်မည် မဟုတ်ပါ။

သူ့ တီထွင်မှုများထဲတွင် သူ့ ချွေးသီးချွေးပေါက်တွေ ဘယ်လောက်ပါသည်ဆိုတာ သူ အသိဆုံးဖြစ်သည် မဟုတ်လား။

အက်ဒီဆင်အား ပါရမီရှင်ကြီး၊ ကဝေကြီးဟု သတ်မှတ်ခံရသည်မထိ ကြီးကျယ်အောင်မြင်စေခဲ့သည့် အဓိက အချက်ကား အလုပ်ဇွဲကြီးခြင်းဖြစ်သည်။ အက်ဒီဆင်သည် တစ်နေ့ လျှင် ဆယ့်ရှစ်နာရီမျှ အလုပ်လုပ်လေ့ရှိသူဖြစ်သည်။ အိပ်ခြင်းကို သူရှုတ်ချသည်။ `အိပ်တယ်ဆိုတာ မူးမစ်ဆေးဝါး သုံးစွဲသလိုပဲ၊ များများအိပ်လေ ပိုပြီး အိပ်ချင်လေပဲ။ အိပ်တဲ့အတွက် အချိန်ကုန်တယ်၊ ခွန်အား ယုတ်လျော့တယ်၊ အခွင့်အရေးတွေ ဆုံးရှုံးတယ်´ ဟု ဆိုလေ့ရှိသည်။ သူကိုယ်တိုင် အလုပ်ကို သဲသဲမဲမဲ လုပ်ရုံမက အနီးရှိ အခြားလူများကိုပါ အလုပ်လုပ်လိုစိတ် ထက်သန်လာအောင် အမြဲဆွဲဆောင်စည်းရုံးလေ့ရှိသည်။

လျှပ်စစ်မီးသီး၊ ဓာတ်စက်၊ ဘက်ထရီ၊ ကြေးနန်းစာရိုက်၊ ရုပ်ရှင်ပြစက်၊ လက်နှိပ်စက် စသည်ဖြင့် သူတီထွင်သည့် မြောက်မြားစွာသော ပစ္စည်းအမျိုးအမည်စာရင်းကို ဖတ်ရှု့ မိသူများစိတ်တွင် သူ့ အား အောင်မြင်သူကြီး၊ ရှုံးနိမ့်တယ်ဆိုတာ ဘာမှန်း မသိသူကြီးဟူ၍ ထင်မိကြမှာ သေချာသည်။

အက်ဒီဆင်သည် အောင်မြင်သူကြီး ဖြစ်သည်ကား အမှန်ပင်ဖြစ်ပါ၏။ သို့ သော် ရှုံးနိမ့်မှုကို မသိသူကား လုံးဝ မဟုတ်ချေ။ အက်ဒီဆင်အား မေးမြန်းကြည့်ပါက သူ၏ အောင်မြင်မှုတိုင်းလိုပင် ရှုံးနိမ့်မှု လှေကားထစ်များပေါ်မှ တက်ယူရသည်ချည်းဖြစ်သည်ဟု ဖြေပါလိမ့်မည်။

တစ်ခုတော့ရှိသည်။ အက်ဒီဆင်သည် သူများ ရှုံးနိမ့်ပြီဟု မြင်သောအရာကို မအောင်မြင်သေးဟူ၍သာ မြင်သည်။ မအောင်မြင်ခြင်းကို ရှုံးနိမ့်ခြင်းဟု မယူဆ။ မအောင်မြင်မှာ ကြောက်သောစိတ်ဖြင့် ဖင့်နှေးတွန့် ဆုတ်တတ်သူမျိုးလည်း မဟုတ်။

တစ်ခါ၌ သုတေသန လုပ်ဖော် တပည့်တစ်ယောက် သူတို့  သုတေသန ပြုလုပ်နေသည့် အရာတစ်ခု ကြိမ်ဖန်များစွာ စမ်းသပ်၍ မအောင်မြင်ဘဲရှိနေသဖြင့် လက်လျှော့ချင်သည့်သဘော ပြောလာရာ အက်ဒီဆင်က `ဟ.. ဘယ်ဟုတ်မလဲကွ၊ မအောင်မြင်တော့ဘူးပြောလို့  ဘယ်ရမလဲ၊ အခု တို့  အကြိမ်တစ်ထောင် စမ်းကြည့်ပြီးပြီဆိုပါတော့၊ အလုပ်မဖြစ်တဲ့ နည်းလမ်းပေါင်းတစ်ထောင် တို့ တွေ့ ပြီးပြီဆိုတဲ့ သဘောပဲ၊ အဲဒီတော့ ဆက်လုပ်ရင် အလုပ်ဖြစ်မယ့် နည်းတွေ့ ဖို့  မဝေးတော့ဘူးဆိုတဲ့ သဘောပဲ၊ အဲဒီတော့ ဆက်လုပ်ရင် အလုပ်ဖြစ်မယ့် နည်းတွေ့ ဖို့  မဝေးတော့ဘူး´ ဟူ၍ သူ ပြန်ပြောခဲ့သည်။

အက်ဒီဆင်ကား တစ်ကြိမ်၊ နှစ်ကြိမ်၊ အကြိမ်တစ်ရာ မအောင်မြင်ရုံနှင့် နောက်မဆုတ်တတ်သော သတ္တိကြောင့်ပင် အောင်မြင်မှု ရခဲ့ခြင်း ဖြစ်ပေသည်။

မည်သူမဆို မိမိပတ်ဝန်းကျင်ရှိ လူများ၊ မိမိမြို့ ရွာ၊ မိမိရပ်ကွက်၊ မိမိ ဆွေမျိုး မိတ်သင်္ဂဟ အသိုင်းအ၀ိုင်းရှိ လူများကို တစ်ဦးချင်း သုံးသပ်ကြည့်မည်ဆိုက ထီပေါက်၍ ချမ်းသာခြင်းကဲ့သို့  ကံကြမ္မာသက်သက်ကြောင့် ဖြစ်သည့် ကိစ္စမျိုးကို ချန်လှပ်၍ စဉ်းစားလျှင် လူတစ်ယောက်စီ၏ လက်ရှိ ဘ၀ အခြေအနေ အနိမ့်အမြင့်သည် သူ၏ ဇွဲလုံ့ လ အနည်းအများ၊ သို့ မဟုတ် အလုပ်တစ်ခုကို မဆုတ်မနစ်လုပ်တတ်သည့် စိတ်အင်အား အနည်းအများနှင့် အချိုးညီစွာ ဆက်စပ်ပတ်သက်လျက်ရှိကြောင်း တွေ့ ရမည်ဖြစ်၏။

စီးပွားရေးဘက်တွင် ဇွဲနည်းသူတို့  လုပ်ငန်းသေးသေးကို ချောက်တိ ချောက်ချက် လုပ်ရင်း မပြေလည်သော ဘ၀အတွက် ညည်းတွားနေကြစဉ် စီးပွားရေး ဇွဲကြီးသူက ဆိုင်ကလေးမှ ဆိုင်ကြီး၊ လုပ်ငန်းတစ်ခုမှ နှစ်ခု စသည်ဖြင့် တိုးချဲ့ ကာ တစ်နေ့ တခြား ပြေလည်ကြီးပွားသွားသည်ကို မြင်ရပေလိမ့်မည်။

အလားတူ ပညာရေးဘက်တွင် ဇွဲနည်းသူတို့  စောစောစီးစီး ကျောင်းထွက်ကာ အောက်ခြေ အနိမ့်စား အလုပ်ကလေးများထဲ ၀င်ရောက်သွားကြစဉ် ဇွဲကောင်းသူတို့ က ရနိုင်သမျှ ဘွဲ့ ထူးဂုဏ်ထူးကို မရ အရယူကာ လေးငါးဆယ်နှစ်ကြာသည့် အချိန်၌ စောစောစီးစီး အလုပ်ခွင်ထဲ ရောက်နှင့်သည့် မိမိသူငယ်ချင်းများနှင့် ကွာခြားလှသည့် ရာထူးဌာနန္တရများ ရရှိခံစားကြရသည်မှာလည်း အစဉ် အဆက် မြင်တွေ့ ဖူးကြသော အချင်းအရာတစ်ရပ်ဖြစ်သည်။


ဖေမြင့် ဘာသာပြန်

Friday, April 11, 2008

စိတ်အကြံရှိတိုင်း မပြီး

တချို့ က အကြံဥာဏ် မရှိရင် မကြီးပွားဘူး၊ မတိုးတက်ဘူး၊ ဘ၀ရဲ့ အထက်တန်းကို မရောက်နိုင်ဘူးလို့  သမားရိုးကျ မှတ်ထင်ထားကြပါတယ်။ ဒီ အတွေးအမြင်ဟာ မုချ မှန်တယ်လို့ တော့ မဆိုနိုင်ဘူး။ အကြံဥာဏ် မရှိဘဲနှင့် မိဘ အမွေရလို့  ထီပေါက်လို့  တစ်ခါတစ်ရံ အခွင့်အခါ ကြုံလို့  ကောင်းစားနေတဲ့ လူတွေ မရှိဘူးလားလို့  မေးခွင့် ရှိပါတယ်။

အဲဒီလို စိုင်ကော်လို့  ချုံပေါ်ရောက်တာမျိုးကို ရွှေတောင်တက်သမားတွေဟာ ထည့်မတွက်သင့်ပါဘူး။ ဒါတွေက အခိုက်အတန့် အားဖြင့် ကြုံကြိုက်မှုတွေပါ။ ကိုယ်စွမ်းကိုယ်စနှင့် ထွန်းပေါက်တာမျိုး မဟုတ်ပါဘူး။

လူမှာ ကံ ဥာဏ် ၀ီရိယအားဖြင့် ကြီးပွားမှုကိုသာ ချီးမွမ်းအပ်ပါတယ်။ ဆိုလိုတာကတော့ မိမိကိုယ်တိုင် လုပ်ကိုင် ဆောင်ရွက် ကြံစည်ကြိုးစားလို့  ဖြစ်မြောက် အောင်မြင်တာကိုသာ လောကအလို ချီးမွမ်းထိုက်တယ်လို့  ဆိုပါတယ်။

ဒီနေရာမှာ တချို့ က အသိပညာတွေ အတတ်ပညာတွေရဖို့  အကြံကောင်းဥာဏ်ကောင်းတွေ ရရှိဖို့ ကိုသာ အလေးအမြတ်ပြုပြီး ဟုတ်ဟုတ်ဟပ်ဟပ် ကြီးပွား တိုးတက်အောင်တော့ မလုပ်နိုင်ကြပါဘူး။ ဒါဟာ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ ဘ၀ရဲ့ အချိန်ကာလတွေကို ကြံစည်နေရင်းပဲ ကုန်ဆုံးစေလို့ ဖြစ်ပါတယ်။


ဒါကြောင့် မြတ်စွာဘုရားက မဟာဇနကဇာတ်တော်မှာ.. `လောကကြီးမှာကွာ.. ဘယ်လို ကိစ္စမျိုးပဲဖြစ်ဖြစ် ကြံစည်နေရုံ စိတ်ကူးနေရုံနှင့်တော့ဖြစ့် ပြီးစီးခြင်းသို့  မရောက်နိုင်ဘူး။ လုံ့ လထုတ်ပြီး မဖြစ်ဖြစ်အောင် အားထုတ်လုပ်ကိုင်မှသာ ပြီးစီးပါလိမ့်မယ်။ ဘယ်လောက်ပဲ အကြံကောင်း ဥာဏ်ကောင်းတွေရှိရှိ လုံ့ လ မပါဘဲနှင့်တော့ ဘယ်တော့မှ ထမြောက် အောင်မြင်လိမ့်မယ် မဟုတ်ဘူး´ လို့  ဟောတော်မူပါတယ်။

မြတ်စွာဘုရားရဲ့ အတွေးအမြင်လိုမျိုး သိပ္ပံပညာရှင်ကြီး သောမတ် အယ်ဒီဆင်လည်း ယုံကြည်ပါတယ်။ လုံ့ လ အားထုတ်မှု မပါဘဲနှင့် အောင်မြင်ခြင်းဆိုတာ မရှိဘူးလို့  သူခိုင်မြဲစွာ ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း သူ လက်ကိုင်ထားပြီး ပြောလေ့ရှိတဲ့ စကားတစ်ခု ရှိပါတယ်။ အဲဒါကတော့..
`Genius is 1 percen tinspiration and 99 percent perspiration´...
ထူးကဲတဲ့ ဥာဏ်ရှင် (ပါရမီရှင်) ဆိုတာ အတွေးအကြံက ၁ ရာနှုန်းနှင့် ချွေးသံက ၉၉ ရာနှုန်း ပေါင်းစပ်ထားတဲ့ ပုဂ္ဂိုလ်သဘောကို ဆိုတာပါတဲ့။

သူဟာ ဒီစကားနှင့် အညီ အအိပ်အနေကို လျှော့ပြီး အချိန်များစွာကို အလုပ်ခွင်မှာ အားထုတ် လုပ်ကိုင်ရင်း ကုန်လွန်စေခဲ့ပါတယ်။

ကမ္ဘာကျော် ပြဇာတ်ရေးဆရာကြီး ဂျော့ဘားနတ်ရှောဟာလည်း အားထုတ်ခြင်း၊ ဇွဲစိတ်နှင့် မလျှော့တမ်း လုပ်ကိုင်ဆောင်ရွက်ခြင်းသာ ဘ၀ရဲ့ အောင်မြင်ရာဖြစ်တယ် ဆိုတာကို လက်တွေ့  ပြနိုင်သူဖြစ်ပါတယ်။

သူဟာ ကိုးနှစ်လုံးလုံး စာရေးခြင်းက ၀င်ငွေ တစ်ပြား တစ်ချပ်မှ မရဘဲ ဇွဲနှင့် စာရးခဲ့တယ်။ `စာရေးဆရာဆိုတာ စာရေးရမှာပဲ´ ဆိုပြီး နေ့ စဉ်စာကို စိတ်ပါသည် ဖြစ်စေ၊ မပါသည်ဖြစ်စေ ရေးဖြစ်အောင် ကြိုးစားပြီး နေ့ စဉ်မှန်မှန် ရေးပါတယ်တဲ့။

ထူးခြားတာက တစ်နေ့ ကို စာလုံး ၁၀၀၀ ရေးရာမှာ ဈာန်ဝင်သည် မ၀င်ဘူးဟူ၍ အလုပ်ကို ရှောင်လွှဲသည့် အတွေးမျိုးကို မတွေး။ စာရေးရန်သာ မိမိတာဝန်ဖြစ်သည်ဟု ခံယူသည်။ လုံးဝ စိတ်မပါသည့်နေ့ ၊ မရေးချင်သည့်နေ့ မှာပင် စာလုံး တစ်ထောင်ပြည့်အောင်တော့ ရေးမည်ဟု ဆုံးဖြတ်ကာ ဆုံးဖြတ်သည့်အတိုင်းလည်း တကယ်လုပ်သည်။ တစ်ခါတစ်ရံ အလွန်မရေးချင်လွန်းသည့် နေ့ များ၌မူ စိတ်မပါဘဲ လူကြီးကို ကြောက်၍ စာကျက်ရသည့် ကလေးများ၊ ၀တ္တရားကျေ အလုပ်လုပ်နေသည့် ရုံးစာရေးများကဲ့သို့ ပင် တစ်ထောင်ပြည့်သည်နှင့် ၀ါကျ မဆုံးချင်နေပါစေ၊ ဆုံးအောင် ဆက်ရေးမနေတော့ပဲ ကလောင်ချပြီး ထလာခဲ့တာမျိုးလည်း ရှိဖူးသည်။ သည်လို့ နှင့် လေးနှစ်အတွင်းမှာ ၀တ္ထုကြီး လေးပုဒ်ရေးသည် တစ်ပုဒ်မှ မစွံခဲ့။

ဒါပေမယ့် သူ စိတ်ဓာတ်ကျသွားသလားဆိုတော့ ဘယ်တော့မှ မကျဘူး။ ဒီစာမူတွေကို အကြိမ်ကြိမ်ပြင်ရေးပြီး ပုံနှိပ် ထုတ်ဝေသူတွေဆီကို ပြန်ပို့ တယ်။ ဒါပေမယ့် ကိုးနှစ်ကြာတဲ့အထိ တစ်ပုဒ်မှ အလုပ်မဖြစ်ဘူး။ အပယ်ခံနေရပါတယ်။

နောက်ဆုံးတော့ တံဆိပ်ခေါင်းဖိုးတောင် အနိုင်နိုင်ဖြစ်လာပါတယ်တဲ့။ ဘာနတ်ရှောရဲ့ မလျှော့တဲ့ လုံ့ လ၊ တွန့် ဆုတ်ခြင်း မရှိတဲ့ ဆန္ဒ၊ ပြင်းထန်တဲ့ ဇွဲတွေဟာ ချီးကျူးလောက်ပါရဲ့။

တကယ်တော့ ကုန်ဆုံးသွားတဲ့ ကိုးနှစ်ဆိုတဲ့ ကာလဟာ အချည်းနှီးဖြစ်သွားတယ်လို့  မထင်သင့်ဘူး။ သူ ဒီလို ဇွဲနှင့် အထပ်ထပ် ကြိုးစားခဲ့လို့ သာ နောင်အခါမှာ ပြောင်မြောက်တဲ့ ကမ္ဘာကျော် စာရေးဆရာကြီး ဖြစ်လာရခြင်းဖြစ်ပါတယ်။



ကိုးကား -
ဆန်းလွင် (ရွှေတောင်တက် ဒဿန)
ဖေမြင့် (အပြောင်မြောက်ဆုံး ဘ၀တစ်ခု တည်ဆောက်ခြင်း)

ချီးမွမ်းစကားဆိုခြင်း

ချီးမွမ်းစကားကို နှစ်သက်ရာ၌ ကလေးနှင့် လူကြီး ကွဲပြားခြားနားမှု မရှိပေ။


သင့်တင့်လျောက်ပတ်သော ချီးမွမ်းစကား..

သင့်တင့်လျောက်ပတ်သော ချီးမွမ်းစကားမျိုးကို သင့်တင့်လျောက်ပတသော်အခါကာလ၌ သင့်တင့်လျောက်ပတ်သော ပုဂ္ဂိုလ်အား သင့်တင့်လျောက်ပတ်စွာ ပြောဆိုတတ်ပါက လူမှုဆက်ဆံရေးလောက၌ အောင်မြင်သော ပုဂ္ဂိုလ်တစ်ဦး သင် မုချဖြစ်ပေပြီ။


တွန်းအား..

တကယ် စစ်မှန်သော ချီးမွမ်းစကားသည် လူ တစ်ယောက်အား မိမိလုပ်ရပ်အပေါ် ပို၍ ထက်သန်တက်ကြွလာစေမည့် အင်အား အကောင်းဆုံးသော တိုက်တွန်းစေ့ဆော်မှုတစ်ရပ်ဖြစ်သည်။


လူကြုံစကား..

ချီးမွမ်းစကားတစ်ခုကို လူကြုံဖြင့် လက်ဆောင်ပါးခြင်း သို့ မဟုတ် ကာယကံရှင်နားသို့  ရောက်အောင် ပို့ မည် ကြားလူတစ်ယောက်ရှေ့ တွင် ပြောကြားခြင်းကား လူချစ်လူခင်များစေမည့် အလွန်ထိရောက်သော နည်းတစ်ခုဖြစ်၏။ စကားတစ်ခွန်းတည်းဖြင့်ပင် ကာယကံရှင်အဖို့  နှစ်ထပ်ကွမ်း ချီးမွမ်းခံရသလို ခံစားရတတ်ပေသည်။



ဖေမြင့် ဘာသာပြန်

Thursday, April 10, 2008

အယုတ်လမ်းမှ အမြတ်လမ်းသို့ 

တစ်ခါတုန်းက သူခိုးတစ်ယောက်ဟာ ည တစ်ညမှာ နန်းတော်ကို ၀င်ပြီး ခိုးတယ်။ သူဟာ ဘုရင်နှင့် မိဖုရား အိပ်ဆောင်နားရောက်တော့အတွင်းက စကားပြောနေတဲ့ အသံကို ကြားရတယ်။

ဘုရင်နှင့် မိဖုရားဟာ မိမိတို့ မှာ သားယောက်ျားနန်းလျာ မရှိတဲ့အတွက ဂင်္ဂါမြစ်ကမ်းမှာ တရားအားထုတ်နေကြတဲ့ ပညာရှီ ရသေ့တစ်ပါးနှင့် သမီးတော်ကို ထိမ်းမြားပြီး နန်းလျာဖို့  တိုင်ပင်နေကြတာကိုး။ ဒီစကားကို ကြားတဲ့အခါ သူခိုး စဉ်းစားတယ်။

`ငါဟာ အန္တရာယ်များလှတဲ့ ဒီသူခိုး အလုပ်ကို လုပ်နေရတာ တစ်နေ့  မမိ တစ်နေ့  မိမှာပဲ။ မိရင် မင်းပြစ်မင်းဒဏ်ရပြီး ငါ အကျိုးနည်းမှာ မုချဖြစ်တယ်။ တကယ်လို့  မနက်ဖြန်က စပြီး ဂဂါင်္မြစ်ကမ်းမှာ ငါ ရသေ့ရဟန်းယောင်ဆောင်ပြီးနေရင် ဘုရင့်သမီးတော်ကို ရကောင်းရဦးမယ်၊ ကံကောင်းထောက်မလို့  ဘုရင့်သမီးတော်ကို ငါရရင် ငါ့တစ်သက်မှာ ဆင်းရဲခြင်း၊ ငြိုငြင်ခြင်း ကင်းတော့မယ်´

ဒီအကြံရတာနှင့် ချက်ချင်း သူခိုးဟာ စိတ်ကို ဆုံးဖြတ်ချက်ချပြီး နောက်တစ်နေ့  နံနက်က စပြီး ကမ်းနဖူးမှာ သူတော်ကောင်းယောင် ဆောင်နေတယ်တဲ့။

မကြာခင်မှာပဲ နန်းတော်ကြီးက မှူးကြီးမတ်ရာများ ရောက်လာပြီး ဘုရင့်သမီးတော်ကို သိမ်းမြန်းရန် အကြီးဆုံး ရသေ့ကို လျှောက်ထား တောင်းပန်ကြတယ်။ သူတော်ကောင်း ရသေ့ဟာ ဃရာဝါသအမှုကို ဘယ်လက်ခံမလဲ။ သူတို့ က လူ့ ဘောင်ကို စက်ဆုပ်လို့  တောထွက်လာကြတဲ့ ဥစ္စာ။ သူတော်ကောင်း အစစ်အမှန် ရသေ့တွေက ဘုရင်ကြီးရဲ့ သမီးတော်ကို တစ်ယောက်မှ လက်မခံကြပါဘူး။ ဒီလိုနှင့် နောက်ဆုံးမတော့ သူခိုး ရသေ့ဆီ ရောက်လာကြတာပေါ့။

မှူးမတ်တွေက အကျိုးအကြောင်း ပြောပြီး လျှောက်ထားကြတော့ သူက မငြင်းဘူး၊ တုဏှိဘာဝေ ဆိတ်ဆိတ်နေပြီး လက်ခံလိုက်တယ်တဲ့။

မှူးမတ်များလည်း ၀မ်းသာအားရ နန်းတော်ကြီးကို ပြန်သွားပြီး နောက်တစ်နေ့ မှာ သူခိုးရသေ့ကို အခမ်းအနားကြီးနှင့် နန်းတော်ကို ဆောင်ယူဖို့  သွားကြတယ်။

ဒီလို အံ့ဘနန်း ကြီးကျယ် ခမ်းနားတဲ့ အခြင်းအရာကို မြင်တွေ့ လိုက်ရတဲ့အခါမှာတော့ သူခိုးရသေ့ရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပေါ်လာတယ်။

`ကြည့်စမ်း၊ ငါဟာ တိုင်းပြည်မှာ အခြေမဲ့ အနေမဲ့ အကျင့်ပျက်တဲ့ အယုတ် သူခိုးဖြစ်တယ်၊ သို့ သော် ဒီလျှော်တေသင်္ကန်းကို ဆင်မြန်းပြီ သူတော်ကောင်းယောင်ဆောင်ရုံမျှနှင့် တိုင်းပြည်ရဲ့ အထွတ်အထိပ် ဘုရင့် သမီးတော်ကို ငါ့အား ဆောင်နှင်းဖို့  ခုသူတို့  ရောက်လာကြတယ်။ အင်း.. တကယ်လို့ သာ ငါဟာ အယုတ်မာကောက်ကျစ်တဲ့ အကျင့်ကို စွန့် ပြီး သူတော်ကောင်းတရားကို ယုံကြည်ချက် သဒ္ဓါနှင့် ကျင့်ကြံအားထုတ်မယ်ဆိုရင် လူတွေဟာ ဘယ်လောက် ငါ့ကို ကြည်ညိုလေးစားလိုက်မလဲ´ လို့  ကြံစည်မိပြီး တော်ပြီ ဒီနေ့ ကစ၍ ငါဟာ မွန်မြတ်တဲ့ သူတော်ကောင်းတရားကိုပဲ အားထုတ်တော့မယ်လို့  သူ့ စိတ်ကို တုံးတုံးချ ဆုံးဖြတ်ပစ်လိုက်တယ်။

နောက်နေ့  ဘုရင်ကိုယ်တိုင် သမီးတော်ကို လာရောက် အပ်နှင်းတဲ့အခါမှာတော့ ဘ၀ ရည်မှန်းချက် ပြောင်းလဲသွားပြီဖြစ်တဲ့ သူခိုးရသေ့က

`မင်းကြီး ငါဟာ ယခုခဏမှာပင် ကာမစ္ဆန္ဒ နီဝရဏတို့ ကို အပြီးတိုင် သုတ်သင်ပြီးပြီ၊ သည်းခံတော့´ လို့  ဆိုပြီး ငြင်းပစ်လိုက်တော့တယ်။

ရှင်ဘုရင်နှင့်တကွ ပရိတ်သတ်ကြီးဟာလည်း အတုအယောင်ဘ၀က အစစ်အမှန်ဖြစ်သွားတဲ့ ရသေ့သူမြတ်ကို ပိုပြီး ကြည်ညိုသွားကြတာပေါ့။

ဒီရသေ့ရဲ့ ပြောင်းလဲ ဖြစ်ပေါ်လာတဲ့ စိတ်သဘာဝမျိုးကို ဗုဒ္ဓက `ယောနိသော မနသီကာရ´ လို့  ခေါ်တောမူတယ်။ ယောနိသော မနသီကာရဆိုတာကိုတော့ အသင့်အတင့် နှလုံးသွင်းခြင်းလို့  နားလည်နိုင်ပါတယ်။

အသင့်အတင့် နှလုံးသွင်းခြင်းဆိုတာက ဘာကို ပြောတာလဲဆိုတော့ `လောကမှာ တွေ့ ကြုံဖြစ်ပေါ်လာသမျှ အကြောင်းကိစ္စမှန်သမျှကို အကောင်းဘက အမြင့်ဘက် အမြတ်ဘက်ကို ရောက်အောင် လှည့်ပြီး စဉ်းစား တွေးခေါ်နိုင်ခြင်း သဘော´ ပါပဲ။

ဘုရားဟောတောမူပုံကတော့
`ချစ်သားတို့  မဖြစ်ပွားသေးတဲ့ ကုသိုလ်တရားတွေ ဖြစ်ပွားစေမှု၊ ဖြစ်ပြီးတဲ့ အကုသိုလ်တရားတွေ လျော့ပါးစေဖို့ အတွက် ယောနိသော မနသီကရမှ တစ်ပါး တခြားသော တရားကို ငါဘုရား မမြင်၊ ချစ်သားတို့  ယောနိသော မနသီကာရသည်သာ ကြီးမားသော အကျိုးစီးပွားရရန် အလို့ ငှာဖြစ်တယ်´ တဲ့။

အသင့်အတင့် နှလုံးသွင်းတတ်မှုဟာ ဘ၀မှာ ကြီးမားတဲ့ အကျိုးစီးပွားရဖို့  အဓိက အကြောင်းဖြစ်တယ်ဆိုတဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမကိုလည်း ရင်တွင်း နှလုံးမှာ စွဲမှတ်ထားသင့်ပါတယ်။



ဆန်းလွင် (ရွှေတောင်တက် ဒဿန)

ကျောက်ဖျာကြီးကို ရိုက်ခွဲခြင်း

လောကရဲ့ ခက်ခဲမှု ကြမ်းကြုတ်မှု ရက်စက်မှု စတဲ့ ဘေးရန် အန္တရာယ်တွေနှင့် ရင်ဆိုင်ကြရတဲ့အခါ ဥာဏ်အမြင်လည်းရှိပြီး မလျှော့တဲ့ ဇွဲလုံ့ လ သတ္တိတွေနှင့်လည်း ပြည့်စုံသူဟာ မိမိချမ်းသာ မိမိ အကျိုးစီးပွားကိုသာ ဆောင်ရွက်နိုင်တာ မဟုတ်ပါဘူး။ ဘ၀ခရီးသွားဖော်တွေရဲ့ အသက်ကိုတောင် မိမိရဲ့ အားထုတ်မှုနှင့် ကယ်တင်နိုင်တဲ့ သာဓကတွေလည်း ရှိခဲ့ဖူးပါတယ်။

ဟိုရှေးအခါတုန်းက ဗာရာဏသီပြည်က ကုန်သည် လှည်းမှူးကြီး တစ်ယောက်ဟာ နောက်ပါ လှည်းသားငါးရာနှင့် အတူ ကြီးမား ကျယ်ပြန့် လှတဲ့ သဲကန္တာရကြီးတစ်ခုကို ဖြတ်သန်းပြီး ကုန်ကူးဖို့ သွားခဲ့ကြပါတယ်။ နေ့ အခါမှာ သဲကန္တာရဟာ ပူပြင်းလွန်းတဲ့အတွက် လှည်းကုန်သည်တွေဟာ နေ့ အခါမှာ နား၊ ညဥ့်အခါမှာသာ ခရီးသွားကြရပါတယ်။ ကြယ်ကို ကြည့်ပြီး ခရီးလမ်း ညွှန်ပြတတ်တဲ့ လူဟာ တစ်ညဥ့်မှာ အိပ်ပျော်သွားတဲ့အတွက် လှည်းတွေဟာ လမ်းမှား လမ်းပျောက်ပြီး ကန္တာရထဲမှာ တ၀ဲလည်လည် ဖြစ်နေကြပါတော့တယ်။

ဒီလိုနှင့် ပါလာတဲ့ ထင်း၊ ရေတွေလည်း ကုန်သွားပါရောတဲ့။ ရေ မရှိ၊ ထင်း မရှိလို့  အစားအစာကိုလည်း ချက်ပြုတ်စားလို့  မရတော့ဘူးပေါ့။ ဒီလိုနှင့် နွားတွေ လူတွေ အားလုံး ငတ်မွတ်ပြီး သေရတော့မလို အဖြစ်မျိုးနှင့် ကြုံကြရပါတယ်။

ဒီအခါ လှည်းမှူးရဲ့ စိတ်ထဲမှာ ငါ လုံ့ လ မပြု၊ ၀ီရိယကို လျှော့ပြီး ပျင်းရိနေလို့ တော့ မဖြစ်ဘူး။ တခြားလူတွေလို ငါနေရင် အားလုံး သေကျေ ပျက်စီး ကုန်ကြတော့မယ်လို့  ကြံစည်ပြီး ပတ်ဝန်းကျင် အခြေအနေတွေကို လှည့်လည်ပြီး လေ့လာပါတယ်။

တစ်နေရာရောက်တော့ သဲကန္တာရထဲမှာ နေစာမြက်ကလေးတွေ ပေါက်နေတဲ့နေရာတစ်ခုကို သွားတွေ့ တယ်။ အင်း ဟုတ်ပြီ၊ ဒီနေရာရဲ့ အောက်မှာတော့ ရေရှိမှာပဲ၊ အောက်မှာ ရေရှိလို သာ ဒီမြက်ပင်တွေ ပေါက်ကြတာပဲလို့  အောက်မေ့ပြီး လူတွေကို ခေါ်တူးခိုင်းပါတယ်။ အတောင် ခြောက်ဆယ်လောက် အောက်ကို တူးမိတော့ အောက်မှာ ရေကို မတွေ့ ဘဲနှင့် ကျောက်ဖျာကြီးတစ်ခုကို သွားတွေ့ တယ်။ ဒီတင် အဖော် လှည်းကုန်သည်များဟာ ဟင်ခနဲ ဖြစ်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျဆင်းသွားကြပါတော့တယ်။ ရေငတ်လို့  မောရတဲ့အထဲ ပင်ပန်းတာ အဖတ်တင်တာပေါ့။ ရေတွင်းတူးကြတဲ့ ပေါက်တူးသမားတွေဟာ နောက်ထပ် ဆက်ပြီး ကြိုးပမ်းချင်တဲ့ စိတ်လည်း မရှိကြတော့ဘူး။ ၀ီရိယကို လျှော့လိုက်ကြပါတော့တယ်။

ဘုရားလောင်း ဖြစ်တဲ့ လှည်းမှူး ကုန်သည်ဟာ ကြုံတွေ့ လာရတဲ့ အခက်အခဲကို ရင်ဆိုင် ဖြေရှင်းဖို့  နည်းလမ်းကို စဉ်းစားလိုက်ပါတယ်။ သူ့  စိတ်ထဲ အောက်မှာ ရေမရှိဘဲနှင့် မြေပေါ်မှာ မြက်မပေါက်နိုင်ဘူးဆိုတဲ့ အကျိုးအကြောင်း ဆက်နွှယ်မှုကို သဘောပေါက်ထားပါတယ်။ ရေမရရင် လူအားလုံး သေကျေပျက်စီးကြရတော့မယ်ဆိုတဲ့ အဖြစ်ကိုလည်း မြင်တယ်။ ဒါကြောင့် ဘယ်နည်းနှင့်မှ ၀ီရိယကို မလျှော့ဘူး။ အောက်မှာ ရေရှိတယ်။ ဒီရေကို မရမချင်း လက်မလွှတ်ဘူး ဆိုတာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ပြီးတော့ မြေတွင်းထဲကို သူကိုယ်တိုင် ဆင်းကြည့်ပါတယ်။

ကျောက်ဖျာကြီးပေါ်ရောက်တော့ ကျောက်ဖျာကို သူ့ နားနှင့် ကပ်ပြီး နားထောင်ကြည့်တယ်။ ကျောက်ဖျာအောက်မှာ ရေစီးနေတဲ့ အသံ တသောသောနှင့် မြည်နေတာကို ကြားရတယ်။ ဒီလို ရေစီးသံကိုလည်း ကြားရော မြေပြင်ပေါ်ကို ပြန်တက်လာပြီး သူ့  အလုပ်အကျွေး လူငယ်ကို ပြောတယ်။

'အမောင်.. မင်း ၀ီရိယကို မလျှော့နှင့်နော်၊ တို့  ၀ီရိယကို လျှော့လိုက်ရင် လူအားလုံး အသက် ဆုံးရှုံးကြရလိမ့်မယ်။ ကြားလား.. ရော့ ဒီသံတူကြီးကို ယူသွား။ ကျောက်ဖျာကို ဒီတူကြီးနှင့် ရိုက်ခွဲ၊ ကျောက်ဖျာကွဲအက်တာနှင့် ရေတွေ ပန်းထွက်လာမှာပဲ' လို့  သေအချာပြောပြီး ခိုင်းတယ်။ လူငယ်လည်း လှည်းမှူးပြောဆိုတဲ့အတိုင်း မလျှော့တဲ့ ဇွဲလုံ့ လနှင့် ကျောက်ဖျာကြီးကို သံတူကြီးနှင့် ရိုက်ခွဲပါတယ်။ နောက်ဆုံးတော့ ကျောက်ဖျာ အလယ်က ကွဲပြီး ကျသွားပါတော့တယ်။ အောက်မှာ စီးနေတဲ့ မြေတွင်းစမ်းကို ကျောက်ဖျာ အကွဲက ကန့် လန့်  ကာလိုက်တဲ့အတွက် ရေတွေဟာ အပေါ်ကို ပန်ထွက်လာတာပေါ့။ ဒီအခါမှာ လူတွေရော နွားတွေပါ ရေတွေကို အ၀သောက် ချိုးရပါတော့တယ်။



ဆန်းလွင် (ရွှေတောင်တက် ဒဿန)

လောကဓံကို ကြံ့ကြံ့ခံ

ပျက်ပြယ်သွားသော အိပ်မက်..

အိပ်မက်တစ်ခု ကျေပျက်သွားရုံမျှနှင့် ဘ၀တစ်ခုလုံး ပျက်သုဉ်းပြီ မဆိုပါနှင့်။ သင့်နှလုံးသား ကွဲကြေသွားပြီဟု သင် ခံစားနေမည်ကို သိပါ၏။ သို့ သော် အသည်းနှလုံးဟူသည် မည်မျှ ပြင်းထန်သော ဒဏ်ရာ ဒဏ်ချက်ဆိုစေ ခံယူနိုင်မြဲ ကုစား ရှင်သန်နိုင်မြဲသာဖြစ်ပါသည်။




မူမှန်စိတ်..

လောက၌ ထူးခြားတိုင်း အောင်မြင်သည် မဟုတ်။ ထူးသလိုဖြင့် ရူးသွားကြသူတွေလည်း အများကြီးရှိသည်။ စင်စစ် မူမှန် စံမီသော အခြေခံစိတ်ထား ရှိကြသူများသာ ရေရှည် တည်တံ့သော အောင်မြင်မှုမျိုး ရရှိနိုင်ကြမြဲ ဖြစ်သည်။



အသင့်အတင့် နှလုံးသွင်း..

လောက လူ့ ကိစ္စများကို အကောင်းလား အဆိုးလား၊ အဖြူလား အမည်းလား၊ တစ်ရာလား သုညလား စသဖြင့် အစွန်းနှစ်ဖက်တည်းချည်း စွဲမှတ်ထား၍ မရပါ။ ကြားအဆင့်တွေ များစွာရှိသည်ကို သတိပြုရပါမည်။ နည်းနည်း စွန်းပေသွားရုံဖြင့် အားလုံး ပျက်စီးသွားပြီဟု ပြော၍မရပါ။ မည်သည့်ကိစ္စမဆို မိမိ ကြိုတင် မှန်းဆထားသည့်အတိုင်း ရာနှုန်းပြည့် ဖြစ်မလာလျှင်လည်း ဖြစ်နိုင်သမျှဖြစ်အောင် ရနိုင်သမျှ ရအောင် ကြိုးပမ်းရမည်ကို မမေ့သင့်။



ဖေမြင့် ဘာသာပြန်

Wednesday, April 9, 2008

တိုးတောင်းလှသည့် ဘ၀၌ တစ်ခုတည်းသော သင်၏ လက်ရာ

ပန်းချီပညာရှင် လီယိုနာဒို ဒါဗင်ချီအား လူ့ ဘ၀သို့  တစ်ကြိမ်ပြန်ခေါ်ကာ ဤကမ္ဘာတွင် သူ၏ အမည်နာမဖြင့် ပန်းချီကား တစ်ချပ်တည်းသာ ချန်ထားခွင့်ပြုမည်ဟု ကန့် သတ်လိုက်မည်ဆိုပါစို့ ။

မည်သို့ သော ပန်ချီကားမျိုး သူဆွဲလေမည်နည်း။

အလားတူပင် ပန်းပုကျော် ရိုဒင်အား မကွယ်လွန်မီကာလအတွင်း ပန်းပုရုပ်တစ်ခုတည်းသာ ထုလုပ်ခွင့်ပြုမည်ဟု သတ်မှတ်လိုက်မည် ဆိုပါစို့ ။

မည်သို့ သော် ပန်းပုရုပ်မျိုး သူ ထုလုပ်လေမည်နည်း။

မြင်ယောင်မှန်းဆနိုင်ရန် မလွယ်ပါ။

ဒါဗင်ချီရော ရိုဒင်ပါ မအိပ်မနေ ရက်ရှည်လများ ဈာန်ဝင် စဉ်းစားပြီးမှသာ မည်သည့် လက်ရာမျိုး ဖန်ဆင်းပြုလုပ်မည်ဟု ဆုံးဖြတ်ချက် ချနိုင်ကြပေမည်။ သို့ သော် သေချာပေါက်ပြောနိုင်သော အချက်တစ်ခုကားရှိသည်။ ဒါဗင်ချီထားရစ်မည့် တစ်ခုတည်းသော ပန်းချီကားသည်လည်းကောင်း၊ ရိုဒင် ထုလုပ်မည့် တစ်ခုတည်းသော ပန်းပုရုပ်သည်လည်းကောင်း ကမ္ဘာ့သမိုင်းတွင် အကြီးအကျယ် အပြောင်မြောက်ဆုံး အနုပညာလက်ရာများ ဖြစ်နေမည်မှာ ဧကန်မုချ ဟူသော အချက်ဖြစ်သည်။

စာဖတ်သူ မိတ်ဆွေ.. သင့်မှာ မွေးသည်မှ သေသည်အထိ နေသွားရမည့် တိုတောင်းသော ဘ၀လေးတစ်ခုရှိသည်။ ထိုဘ၀သည် အညံ့စား ပန်းချီဆရာ၏ ပန်းချီကားတစ်ချပ်လို မထင်မရှားလည်း ပျောက်ကွယ်သွားနိုင်၏။ ဒါဗင်ချီ၏ မိုနာလီဇာ ပန်းချီကား၊ ရိုဒင်၏ တွေးတောသူ ပန်းပုရုပ်များကဲ့သို့ လည်း အံ့သြဘနန်း ကြီးကျယ်သွားနိုင်ပါသည်။

ဘယ်သို့  ဖြစ်သွားသနည်းဟူသည် သင့်အပေါ်၌ပင် မူတည်ပါသည်။ သင်ပိုင်ဆိုင်သည့် တစ်ခုတည်းသော ဤဘ၀ကို တစ်ကြိမ်တစ်ခါတည်းသာ ဖန်တီး တည်ဆောက်ခွင့်ရှိသည်။

သင်ဘယ်လိုဘ၀မျိုး တည်ဆောက်ပါမည်လဲ။

မိမိကိုယ်ကို လေးစားသူ၊ မိမိဘ၀ကို တန်ဖိုးထားသူုဆိုလျှင်ကား မိမိ၏ တစ်ခုတည်းသော ဘ၀ကို အကြီးကျယ် အခမ်းနားဆုံး၊ အပီပြင် အပြောင်မြောက်ဆုံးဖြစ်အောင် ဖန်တီးတည်ဆောက်ရပေမည်။ သည်လို တည်ဆောက်နိုင်ရန်အတွက်.. တစ်နေ့ သော်အခါ မိမိဘာဖြစ်လာရမည်ဟူသော ရည်မှန်းချက်၊ ယင်းအတိုင်း အခက်အခဲကို ရင်ဆိုင်ရဲသည့် သတ္တိ၊ မိမိဘာသာ ချမှတ်ထားသည် လမ်းကြောင်းမှ ယိမ်းယိုင် သွေဖည်မသွားရအောင် ထိန်းသိမ်းနိုင်သည့် သမာဓိစသည့် အရည်အသွေးများ ပြည့်ဝထားရန်လိုသည်။

ဥာဏ်အမျှော်အမြင် မရှိ၊ စိတ်ဓာတ် ကြံ့ခိုင်မှု နတ္ထိဖြစ်ကာ တစ်ခုတည်းသော ဘ၀ကို လှလှပပ တည်ဆောက်ရမည်ဟူသော အသိတရားလည်း ကင်းမဲ့နေမည်ဆိုလျှင်ကား ရတောင့်ရခဲ ဘ၀တစ်ခု အချည်းနှီး အလဟဿ ဆုံးပါးသွားရပါချေမည်။ သည်လို ဆုံးပါးခဲ့ကြသည့် သာဓကတွေလည်း မြောက်များစွာပင် ရှိပါသည်။



ဖေမြင့် ဘာသာပြန်

ကိုးကား စာအုပ်များ

ကိုးကားထားသည့် စာအုပ်များစာရင်းကို ဒီမှာ အလျဉ်းသင့်သလို edit လုပ်ပြီး ဖြည့်စွက်သွားမှာဖြစ်ပါတယ်။

သံလိုက်

စိတ်ဓာတ်တက်ကြွနေသည့်အခါ၌ သင်သည် သံလိုက် တစ်ချောင်းကဲ့သို့  ဆွဲဆောင်နိုင်စွမ်းရှိ၏။ မြင်ရ ကြားရသူတိုင်း သင့်အား စိတ်ဝင်စားကြ၏။ သင့်မှာ ရှိနေသည့် စိတ်ဓာတ် တက်ကြွမှုမျိုးကို မိမိတို့  ကိုယ်တိုင် မျှဝေခံစားကြည့်လိုစိတ် ပေါ်ပေါက်လာကြ၏။ ထိုအခါ သင့်အား ခေါင်းဆောင်တင်ရန်၊ သင့်နောက်က လိုက်ပါရန် အဆင်သင့်ရှိလာကြပေသည်။


ဖေမြင့် ဘာသာပြန်

စွဲစေ မြဲစေ

လူအများစုတို့ မှာ များသော်အားဖြင့် နှစ်လ သုံးလမျှ တက်ကြွကြ၏။ တက်ကြွစိတ်ကို နှစ်နှစ် သုံးနှစ် ဆက်၍ ထိန်းသိမ်းထားနိုင်ကြသူတို့ ကား လူနည်းစုဖြစ်၏။ ကြီးကြီးကျယ်ကျယ် အောင်ပွဲခံနိုင်မည့် ပုဂ္ဂိုလ်မျိုးမှာမူ နှစ်ပေါင်း နှစ်ဆယ် သုံးဆယ်မက ကြာအောင်ပင် တက်ကြွ လှုပ်ရှားနေတတ်ကြပေသည်။


ဖေမြင့် ဘာသာပြန်

ကျားကုတ် ကျားခဲစိတ်

ပတ်ဝန်းကျင်၌မူ များလှစွာသော လူတို့ မှာ အောင်မြင်သောဘ၀ကိုကား ရည်ရော် မှန်းဆကြပါ၏။ သို့ သော် သူတို့ ၏ အလိုဆန္ဒများမှာ လျော့ရိလျော့ရဲ အားနည်းလှသည်။

လောက၌ ဘယ်အရာမဆို တန်ရာတန်ဖိုးပေးမှ ရ၏။ အောင်မြင်သော ဘ၀ဟူသည် ကျားကုတ် ကျားခဲ တည်ဆောက်ယူမှ ရ၏။ သို့ သော် လူအများတို့ မှာ ကျားကုတ်ကျားခဲ စိတ်ဓာတ်နှင့် လျော့ရိလျော့ရဲ အလိုဆန္ဒတို့  ကွားခြားလှပုံကို မသိရှိကြပေ။ အလိုဆန္ဒသမားများမှာ ဖြစ်ချင်တာသာရှိသည်။ အားသွန်ခွန်စိုက်မလုပ်။ ဘယ်သူ ကူညီလေမလဲ။ အခွင့်ကောင်း အခါကောင်းဘယ်တော့ ဆိုက်ရောက်လေမလဲ စောင့်မျှော်ရင်း သက်သာသလို မျှောလိုက်နေကြရာ သူလို ငါလို အဆင့်ဖြင့် နိဂုံးချုပ်ရလေသည်။ ကျားကုတ် ကျားခဲသမားကား ဘေးဘီ လှည့်မကြည့်၊ သူများ အကူအညီကို မျှော်ရင်း အချိန်ဖြုန်းမနေ၊ ကိုယ်ဖြစ်ချင်သောအရာကို ဖြစ်နိုင်သမျှ နည်းလမ်းဖြင့် တည်ဆောက်ရယူသွားစမြဲဖြစ်သည်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ ကုန်သည်၊ ပွဲစား၊ လုပ်ငန်းရှင်၊ စစ်ဗိုလ်၊ ကျောင်းဆရာ စသည်ဖြင့် လုပ်ငန်း အမျိုးမျိုးထဲက လူများကို လိုက်ကြည့်ပါ။ လုပ်သက်ချင်းတူပါလျက် သည်လူက မထင်မရှား၊ ဟိုလူက ထူးခြား အောင်မြင် နေရတာ ဘာကြောင့်လဲ နှိုင်းယှဉ် စိစစ်ကြည့်ပါ။ အစကတည်းက သူ့ အလုပ်မှာ သူ ဘယ်လောက် ထက်ထက်သန်သန် မြှပ်နှံခဲ့သလဲဆိုသည့်အချက်က အဆုံး အဖြတ်ပေးသွားကြောင်း သင် တွေ့ ရှိရလိမ့်မည်။

ထက်သန်စိတ် အနည်းအများ ကွာခြားခြင်းကြောင့်ပင် သိပ္ပံပညာ ၀ါသနာ ပါပါသည် ဆိုသူချင်း အတူတူတွင် တချို့ က ဆပ်ပြာချက်ရောင်းသော အလုပ်လောက်ဖြင့် တင်းတိမ်ကြရ၍ တချို့ က အက်ဒီဆင်များ အိုင်းစတိုင်းများ ဖြစ်သွားကြသည်။ ငယ်စဉ်ကာလ ပန်းချီပညာသင်ခဲ့ကြသူချင်း အတူတူတွင်လည်း ပိုစတာ ဆိုင်းဘုတ်ရေးသူဘ၀ ရောက်သူ ရောက်၍ ဗန်ဂိုးများ ပီကာဆိုများ ဖြစ်သူ ဖြစ်သွားကြသည်။

အောင်မြင်ရမည်ဟူသော စိတ်ဓာတ်သည် ပြင်းပြခြင်းကြောင့် သာမန်လူဘ၀မှ အလွန်ထူးကဲသော ပုဂ္ဂိုလ်များအဖြစ်သို့  ပြောင်းလဲသွားနိုင်သည်။



ဖေမြင့် ဘာသာပြန်

ဘယ်သူကူကူ မကူကူ

ငယ်စဉ်တုန်းက ကိုယ့်ကို အားပေးသည့် ပတ်ဝန်ကျင်မှာ ကြီးပြင်းရသည်။ ကိုယ့်ခြေထောက်ပေါ် ရပ်သည့် အချိန်ကျတော့ ပတ်ဝန်းကျင်က နှိပ်ကွပ်သည့် ပတ်ဝန်းကျင်ဖြစ်နေသည်။ သည်ပတ်ဝန်းကျင်မှာ အောင်မြင်ဖို့  မျှော်လင့်ချက်တွေ ရှိပါသေးရဲ့လားဟု တွေးတော နောက်တွန့် ချင်စရာ ဖြစ်လာသည်။

မတွန့် ပါနှင့်။ သင့်အတွက် မျှော်လင့်ချက်တွေ၊ အလားအလာတွေ အများကြီး ရှိပါသေးသည်။ အရေးကြီးသည်က သင့်စိတ်ဓာတ်ဖြစ်သည်။

သူတစ်ပါးပြောသည့် အဖျက်စကားကို သင်မှတ်သားနေစရာ မလို။ ငါ့အဆင့် ဒီလောက်ပဲ ရှိမှာပါဟု စိတ်အားငယ်ကာ သူလို ငါလို အဆင့်အတန်းမှာ ငြိမ်သက်နေစရာ မလို။ ပတ်ဝန်းကျင်မှာ မြောက်တောင် မြှောက်ပေးမည့်သူ၊ လက်တွဲခေါ်မည့်သူ မရှိလျှင်လည်း အရေးမကြီး။ အရေးကြီးသည်က သင့်ကိုယ်သင် အားကိုးနိုင်ဖို့  ဖြစ်သည်။

ကိုယ့်အားကိုယ်ကိုးစိတ်၊ မိမိကိုယ်ကို ယုံကြည့်စိတ်များ ထူထောင်ပေးနိုင်လျှင် ယင်းစိတ်ဓာတ်များနှင့်အတူ အောင်မြင်တိုးတက်လာမည်သာ ဖြစ်သည်။



ဖေမြင့် ဘာသာပြန်

အလကား မရ

သင့်အောင်မြင်မှုနှင့် စိတ်ချမ်းသာမှုကို သင် ကိုယ်တိုင်ပင် တောင်းဆိုရယူရလိမ့်မည်။ ကမ္ဘာလောကသည် သင့်အား ဘာကိုမျှ အသားလွတ်ပေးမည် မဟုတ်။ ဘယ်သူကမျှ သင့်ဆီလာပြီး အသာ ပခုံးပုတ်ကာ 'ရော့.. ယူဗျာ၊ အခွင့်အရေးတွေ' ဟု ပေးမည် မဟုတ်။ ပခုံးပုတ်၍ လှည့်အကြည့်တွင် မျက်နှာကို လက်သီးပြင်းပြင်းနှင့် ထိုးထည့်လိုက်ခြင်းမျိုးသာ သင် ခံချင် ခံရနိုင်သည်။

အလကားရနိုင်တာ ဒါမျိုးပဲ ရှိသည်။ ဒါကို လူအများလည်း သိကြသည်။ သို့ သော် ဒါကို သိလျက် သူတို့  ဘယ်လို တွေးကြသနည်း။ ဘယ်သူကမှ ငါ့ကို မကူညီလျှင် ငါဘယ်မှာ အောင်မြင်နိုင်မည်လဲ ဟူ၍ပဲ တွေးသည်။

မှားပြန်ပါပြီ။ မည်သူမျှ သင့်ထံလာပြီး အခွင့်အရေးတွေ မပေးဘူးဆိုတော့ကော ဘာဖြစ်သနည်း။

သင့်အား အောင်မြင်သူတစ်ဦးဘ၀ရောက်ရှိအောင် တွန်းပို့ မောင်းနှင်ပေးမည့် စွမ်းအားတွေ သင့်ကိုယ်ထဲမှာ အပြည့်ရှိနေသည်။ သင်၌ လိုအပ်နေသည်မှာ သင်သည် ဤလောက၌ ထိုက်တန်သော တစ်နေရာကို ရပိုင်ခွင့်ရှိသည်ဟူသော ယုံကြည်ချက်နှင့် ထိုအရကို ရအောင် ယူမည်ဟူသော ခိုင်မာသည့် သန္နိဋ္ဌာန်တို့ သာ ဖြစ်သည်။

ဒါတွေကို တခြားက မရနိုင်။ သင့်ကိုယ်တိုင်ထံမှပင် သင် တောင်းခံယူရပေမည်။


ဖေမြင့် ဘာသာပြန်

ဖန်တီးသူ မိမိ

လောက၏ မတူညီသော ကဏ္ဍအသီးသီးတွင် အောင်မြင်မှု ရရှိခဲ့သူတို့  တူညီစွာ လက်ခံ ယုံကြည်ထားကြည့် အချက်တစ်ရပ်ရှိသည်။ ယင်းကား မိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာ ဖန်တီးနိုင်သည် ဟူ၍ ဖြစ်ပါသည်။


ဖေမြင့် ဘာသာပြန်

ကောင်းလည်း ကိုယ် ဆိုးလည်း ကိုယ်

လူသည် မိမိကိုယ်ကို ဖန်တီး၏။ လူသည် မိမိကိုယ်ကို ကောင်းအောင်လည်း လုပ်နိုင်၏။ ဆိုးအောင်လည်း လုပ်နိုင်၏။ ကောင်းလို တိုးတက်လိုလျှင် မိမိ စဉ်းစားတွေးတော်မှု လမ်းကြောင်းကို ကောင်းမည့် ဘက်၊ တိုးတက်မည့်ဘက်သို့  ဦးလှည့်ပေးရလိမ့်မည်။ မိမိကိုယ်ကို မိမိ ဘ၀စွမ်းရည် တိုးတက်ရေးအတွက် ထိန်းကျောင်းပဲ့ကိုင်သည့် ပါရဂူအဖြစ် ခန့် အပ်နိုင်ပြီဆိုလျှင် တောက်လျှောက် တိုးတက်သွားမှာ သေချာပေသည်။


(ဖေမြင့် ဘာသာပြန်)

Make yourself refuge

သင့်ကို မည်သူမျှ အပေါ်အမြင့်သို့  ရောက်အောင် ကြိုးဖြင့် ဆွဲမတင်နိုင်။ ကြိုးကို ကြာကြာ ဆုပ်ကိုင်မထားနိုင်သော အကြောင်းကြောင့်ပင် သင်ပြုတ်ကျမည် ဖြစ်၏။ သို့ သော် ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်၍ တက်လျှင်ကား အမြင့်ဆုံး တောင်ထိပ်သို့  ရောက်အောင်ပင် သင်တက်နိုင်မည်ဖြစ်၏။

-ဘရန်ဒိုက်စ်
(ဖေမြင့် ဘာသာပြန်)

ကိုယ့်အားကိုယ်ကိုး

သိပ်ကို နားဝင်ချိုတဲ့ စကားပါပဲ။
ကြားလိုက်ရရုံနဲ့  ခွန်အားတွေ တမုချင်း ထွက်လာသလိုပဲ ခံစားရပါတယ်။

ကျွန်တော် ငယ်ငယ်က ဒါမျိုးတွေ သိပ်မကြားခဲ့ရဘူး။
အဲဒါကြောင့်လည်း ကြီးလာတဲ့ အခါကျတော့ တချို့ နေရာတွေမှာ ကြောက်နေတယ်၊ တွန့် နေတယ်။
ကိုယ့်အစွမ်းအစကို မယုံရဲဘူးဖြစ်နေတယ်။

သားသမီးကို သိပ်ချစ်တယ်ဆိုတဲ့ မိဘတွေဟာ၊ တပည့်ကို ထူးချွန်စေချင်တဲ့ ဆရာ၊ ဆရာမတွေဟာ ကလေးတွေကို ငယ်ငယ်ကတည်းက ကိုယ့်အားကိုယ်ကိုးတတ်အောင် စေတနာမှန်မှန်နဲ့  ထိန်ကျောင်းပေးဖို့  တာဝန်ရှိပါတယ်။

ကဲ.. ဒီလို မင်္ဂလာရှိတဲ့ စကားလေးနဲ့ ပဲ findin9freedom.blogspot.com ကို စတင် ဖွင့်လှစ်လိုက်ပါတယ်......